လွေးလာဝ်ဇာရ်၊ ဇွန်လ ၃ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်လို့ ဒေသခံ ၃ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇွန်လ ၃ ရက် နေ့လယ် ၁ နာရီကျော်ဝန်းကျင်က ကျောက်မျက် ကုမ္ပဏီတစ်ခုကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ တစ်ဦးက “အစက ဘာမှန်းမသိဘူး။ အသံတော့ ကြားလိုက်တယ်။ နောက်မှ ကုမ္ပဏီဘက်မှာ လက်နက်ကြီးပစ်ခံရတာတဲ့။ ကြားတာတော့ ၃ ဦးသေ။ ဒဏ်ရာရသူလည်း ၁၀ ယောက်ရှိတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျလို့ သေဆုံးသွားတဲ့သူတွေဟာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ပြီး အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၂ ဦးက အပြင်းအထန် ဒဏ်ရာရခဲ့တာလို့ နောက်ထပ် ဒေသခံတစ်ဦးက ဆိုပါတယ်။
”ဖြစ်တဲ့အချိန်မှာ မျက်စိနဲ့မမြင်ခဲ့ဘူး။ အဲမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေကိုမေးကြည့်တော့ လက်နက်ကြီးကျတာတဲ့။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကိုတော့ လူမှုကူညီရေးအသင်းတွေက လာရောက်ခေါ်ဆောင်သွားတယ်” လို့ ပြောပါတယ်။
အဲဒီလက်နက်ကြီးကျရောက်တဲ့နေရာဟာ ယမ်းဂိုဒေါင်ကို ထိမှန်ခဲ့တာကြောင့် ပေါက်ကွဲမှု ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၁ ရက်ကလည်း မှော်စီစာရွာအနီးက ၁၁၁ လုံး ကုမ္ပဏီရဲ့ ဘက်ဖိုးကား တစ်စီးနဲ့ မြေထိုးကား နှစ်စီးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၉ ရက်မှာလည်း စစ်ကောင်စီတပ်ဟာ လုံးခင်းကျေးရွာက ဒေသခံတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒေသခံ ၅ ဦးကိုလည်း သတ်ပစ်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။