အယ်လ်နော်အောင်၊ မေလ ၃၁ ရက်၊ မူဆယ်
တရုတ်မြန်မာနယ်စပ် မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မင်းထိပ်ခေါင်လက်ဖက်ရည်ဆိုင် အနောက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲခဲ့တဲ့အဖွဲ့ဟာ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၂) ၃၈ မိုင် မန်ပိန်းပြည်သူ့စစ်အဖွဲ့ ဖြစ်တယ်လို့ ပြန်ပေးဆွဲခံရသူတွေနဲ့ နီးစပ်သူတွေထံ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက် မနက် ၉ နာရီခွဲမှာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကို အမှတ် (၂) ၃၈ မိုင် မန်ပိန်းပြည်သူ့စစ်အဖွဲ့က နံပါတ်ပြားဖြုတ်ထားတဲ့ကားနဲ့ လာရောက် ပြန်ပေးဆွဲသွားခဲ့ပြီး မင်္ဂလာမူဆယ်ရှိ ၎င်းတို့ရဲ့ ပြည်သူ့စစ်စခန်းမှာ ၅ ရက်ကြာ ဖမ်းဆီးထားပြီးနောက် ငွေ သိန်းတစ်ထောင်နဲ့ လာရွေးခိုင်းတာဖြစ်ပါတယ်။
အမည်မဖော်လိုသူ အငြိမ်းစား ရဲဝန်ထမ်းတစ်ဦးက “ကာယကံရှင်က အမှုမဖွင့်လည်း ဒီကိစ္စက နိုင်ငံတော်လုံခြုံရေးကို ထိပါးတာလေ။ ရဲက ဥပဒေအရ စုံစမ်းအရေးယူရမှာ။ နောက်တစ်ခု ဒီအဖွဲ့တွေကပဲ အကြိမ်ကြိမ် အလီလီ ပြန်ပေးဆွဲနေကြတာ မဟုတ်လား။ သူတို့ကို မတိုင်အောင်တော့ ပြည်သူ့စစ်က ခြိမ်းခြောက်မှာပဲလေ” လို့ ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်မှာ ဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှုတွေမှာ မြို့နယ်ရဲအရာရှိတွေလည်း ပါဝင်ပတ်သက်နေတာကြောင့် ပြန်ပေးဆွဲခံရသူတွေက အမှုဖွင့် တိုင်ကြားတာတွေ မလုပ်ရဲတာဖြစ်တယ်လို့ အထက်ပါ အငြိမ်းစား ရဲဝန်ထမ်းက ဆက်ပြောပါတယ်။
“လွယ်ပါတယ်။ အခုအဆွဲခံရတဲ့ မိသားစု ဒါမှမဟုတ် အရင်က ပြန်ပေးဆွဲခံထားရတဲ့သူတွေကို ခေါ်မေးလိုက်။ သူတို့ပြောတဲ့နေရာကို ရဲက ကြောက်လို့ မသွားရဲရင် တပ်နယ်က စစ်သားတွေနဲ့ ဝိုင်းဖမ်းလိုက်ပေါ့။ ရဲတွေကကို မလုပ်ချင်တာ။ အခုကိစ္စ SB နဲ့ CID က ကောင်းကောင်းသိတယ်။ သူတို့ပဲ guide line ချပေးနေတာ။ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး”
အဲဒီအမျိုးသမီးကို ငွေသိန်းတစ်ထောင်နဲ့ ပြန်ပေးဆွဲခဲ့တဲ့ ၃၈ မိုင် မန်ပိန်းပြည်သူ့စစ်တပ်ဖွဲ့နဲ့ ရွှေဖီမြေက ကြိုးစားဆက်သွယ်နေပြီး လက်ရှိအချိန်ထိတော့ ဆက်သွယ်လို့မရသေးပါဘူး။
အလားတူ ပြီးခဲ့တဲ့ မေလ ၇ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာလည်း မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်မှာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးတစ်ဦးကို တရုတ်စကားပြောတဲ့ အမျိုးသား ၃ ဦးက ၂ ပတ်ကြာတဲ့အထိ ပြန်ပေးဆွဲခဲ့ပြီး ငွေကျပ်သိန်း ၁၀၀ ပေးပြီးမှပဲ ၎င်းကို ပြန်လွှတ်ပေးခဲ့တာလို့ ကာယကံရှင်က ရွှေဖီမြေကို ပြောပါတယ်။
မူဆယ်မြို့မှာ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပေမဲ့ စစ်ကောင်စီဘက်က ကျူးလွန်သူတွေကို လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။