မိုင်းရူပ၊ မေလ ၂၄ ရက်၊ တာချီလိတ်
ရှမ်းအရှေ့ တာချီလိတ်မြို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှု ဖြစ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၂၃ ရက် ညနေပိုင်းကစပြီး တာချီလိတ်မှာ မိုးအဆက်အပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်း ရေတက်လာပြီး ဆန်ဆိုင်း၊ ပုန်ထွန်း၊ တာလော့နဲ့ မယ်ခေါင် စတဲ့ရပ်ကွက်မှာ ရေကြီးရေလျှံတာတွေ ဖြစ်ပွားခဲ့ပါတယ်။
“မနေ့ညကစပြီး မိုးစရွာတာ။ လမ်းမပေါ်အထိ ရေတက်လာတယ်။ လူထိခိုက်တာတော့ မရှိဘူး။ နေအိမ်ပျက်တာလည်း မရှိဘူး” လို့ တာချီလိတ် ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ညနေပိုင်းမှာလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်း ရေမှတ် ၃၁၆ စင်တီမီတာအထိ ရောက်ရှိလာပြီး မြို့တွင်းမှာ သွားလာရေး ခက်ခဲနေကြောင်း တာချီလိတ်သတင်းတွေကို ဖော်ပြနေတဲ့ ရှမ်းအရှေ့သတင်းမဏ္ဍိုင်မှာ ဖော်ပြပါတယ်။
ဒီနေ့မနက် ၈ နာရီအထိ တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်ရေမှတ် ၁ ပေအထက် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၃ ပေခန့် မြှင့်တက်လာနိုင်တာကြောင့် တာချီလိတ်မြို့အတွင်းရှိ မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ စစ်ကောင်စီရဲ့ မိုးဇလက သတိပေးထားပါတယ်။
တာချီလိတ်မှာ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံတာတွေ မကြာခဏ ဖြစ်ပွားနေပြီး လူသေဆုံးတဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။