မြတ်နိုး၊ မေ ၂၁၊ ဗန်းမော်
KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပစ်ချလိုက်လို့ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ် အနီးမှာ အလောင်း ၁၆ လောင်းနဲ့ သေနတ် ၁၀ လက်ကျော်တွေ့ရှိထားကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“မနေ့ မေလ ၂၀ ရက်နေ့ KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချလိုက်တဲ့ Mi – 17 စစ်ရဟတ်ယာဥ် မီးလောင်ပျက်ကျတဲ့ နေရာမှာ အလောင်း ၁၆ လောင်းတွေ့တယ်။ မီးလောင်သွားတဲ့ လက်နက်လည်း ၁၀ လက်ကျော်ရရှိထားတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အဲဒီ စစ်ရဟတ်ယာဉ်က KIA တပ်မဟာ ၈၊ တပ်ရင်း ၅ နယ်မြေ၊ ဧရာဝတီမြစ်ရဲ့တဖက်ကမ်း၊ ဗန်းမော်ကနေ ရွှေကူမရောက်ခင်က စီငန်းရွာ အနီးမှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။
“သေဆုံးသွားတဲ့သူတွေထဲမှာ ဗျူဟာမှူးနဲ့ လေယာဉ်မှူးတွေ အပါအဝင် စနိုက်ပါ သမားတွေပါပါတယ်လို့ သိရတယ်” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ အလောင်းတွေထဲမှာ ဘက်တံဆိပ် နာမည် ရာထူးပါ အလောင်းတစ်ဦးသာ တွေ့ရပြီး ကျန်တဲ့ အလောင်း အများစုက မီးလောင် ပြာကျကုန်တယ်လို့ ဆိုပါတယ်။
မနေ့ မေလ ၂၀ ရက်နေ့မှာ ဗန်းမော်ကို စစ်ကူ အင်အားနဲ့ ထောက်ပို့ ပစ္စည်း လာပို့တဲ့ မြစ်ကြီးနား နမ့်ပေါင် လေတပ်တက် Mi – 17 သုံးစီးထဲက နှစ်စီးဟာ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ဝိုင်းဝန်းပစ်ခတ်ခဲ့လို့ ထိမှန်ခဲ့ပြီး တစ်စီးကတော့ ရွှေကူမြို့နယ်၊ စီငန်းရွာအနီး တောတွင်းတနေရာမှာ မီးလောင်ပျက်ကျခဲ့ပြီး နောက်တစ်စီးကတော့ ရွှေကူ ခလရ – ၅၆ တပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာဖြစ်ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရွှေကူ ခလရ – ၅၆တပ်ထဲမှာ အရေးပေါ် ဆင်းသက်ထားတဲ့ အဲဒီ ရဟတ်ယာဉ်နဲ့ ရဟတ်ယာဉ်ကို အကာအကွယ် ပေးထားတဲ့ သံချပ်ကာ ၂ စီး၊ ထရပ်ကား ၂ စီး စုစုပေါင်း ၄ စီး တို့ကို ဒီနေ့ မေလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီ ခွဲ ဝန်းကျင်ခန့်က KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်တွေက drop bomb ၄ လုံးနဲ့ ပစ်ခတ်ခဲ့လို့ ပျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ဗန်းမော် မြို့နယ် ရှေ့တန်းလုံခြုံရေးစခန်းတွေမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့ အုပ်ချုပ်မှုဆိုင်ရာ ထောက်ပံ့ပစ္စည်းတွေ သွားရောက်ပို့ဆောင်ခဲ့ပြီး ပြန်လည်ထွက်ခွာလာချိန် ဗန်းမော်မြို့ရဲ့ အနောက်တောင်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာသို့ အရောက်မှာ ရုတ်တရက်စက်ချို့ယွင်းမှု ဖြစ်ပွားကာ မတော်တဆ ပျက်ကျခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။