မြန်နိုး၊ မေ ၂၀၊ ဗန်းမော်
ဗန်းမော်မြို့ စကခ – ၂၁ ဘက်မှာ ဒီနေ့ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ကျော်ခန့်က စစ်ကူ လာချစဉ် KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေရဲ့ ပစ်ချခြင်းကို ခံရပြီး ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ထဲမှာ လေယာဉ်မှူးအပါ ၇ ဦးထက်မနည်း သေဆုံးကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“လေယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသိန်း၊ တွဲဖက်ကပ္ပတိန် ကောင်းစံသိန်း၊ လေတပ်အင်ဂျင်နီယာ ကပ္ပတိန် စိုးပိုင်ကျော် အပါအဝင် အခြားတပ်သား ၅ ဦး တစ်ယောက်မကျန် အကုန်သေတယ်လို့ သိရတယ်” လို့ ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ဧရာဝတီမြစ် တဖက်ကမ်း၊ ဗန်းမော်ရဲ့ အနောက်ဘက် KIA တပ်ရင်း ၅ နယ်မြေမှာ ကျသွားတဲ့ အဲရဟတ်ယာဉ်ဟာ Mi – 17အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။
“ဗန်းမော် စကခ – ၂၁ထဲ အင်အားချဖို့လာတဲ့ စစ်ကောင်စီရဲ့ Mi – 17 ၃ စင်းကို ဒီနေ့ မေလ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်ကပစ်ခတ်တာ ၁ စင်းက ထိမှန်ပြီး စင်းခန်း အနီးမှာ ပေါက်ကွဲသွားတယ်။ ၁ စင်းကတော့ ရွှေကူတပ်ထဲ အရေးပေါ် ဆင်းသက်ခဲ့တယ်။ပျံတက်နိုင်မှု မရှိတော့ဘူး” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦး က ပြောပါတယ်။
ကျန် ၁ စင်းကတော့ မြစ်ကြီးနား နမ့်ပေါင် စစ်ကောင်စီ လေတပ်မှာ ဆင်းသက်သွား နိုင်ခဲ့ကြောင်း သိရတယ် လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဂျက်လေယာဉ် ၁ စင်းကို ပစ်ချနိုင်ခဲ့ သလို ၂၀၂၄ ဇန်နဝါရီလ ၃ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ နာဖော့ စစ်တပ်စခန်းကို ရိက္ခာ လာပို့တဲ့ ရဟတ်ယာဉ် ၁ စင်းကို ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။