ယာရူစိင်၊ မေလ ၂၀ ရက်၊ မူဆယ်
စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်မှာ ပြန်ပေးဆွဲခံထားရတဲ့ အမျိုးသမီးတစ်ဦးက ဓားပြတွေထံ ငွေ ကျပ်သိန်း ၁၀၀ ပေးပြီးမှ ပြန်လွှတ်လာခဲ့တယ်လို့ ကာယကံရှင်ဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက် မနက် ၈ နာရီခွဲဝန်းကျင်အချိန် မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်မှာ ဆိုင်ကယ်မောင်းလာတဲ့ ၎င်းအမျိုးသမီးကို တရုတ်စကားပြောတဲ့ အမျိုးသား ၃ ဦးက ပြန်ပေးဆွဲခဲ့ကာ ကျပ်သိန်း ၁၀၀ ပေးပြီးမှ ပြန်လွှတ်လာတာဘဲ ဖြစ်ပါတယ်။
“အခုတော့ ကျမ လုံခြုံတဲ့နေရာမှာ လွှတ်မြောက်ဘေးကင်းပါပြီနော်။ ကျမကို နှစ်ပတ်လောက် ဖမ်းထားတယ်။ ကျမကို ဖမ်းထားတဲ့ နေရာကိုတော့ မသိရဘူး။ တစ်လမ်းလုံး ကျမမျက်နှာကို အုပ်ထားတော့ ဘာမှမမြင်ရဘူး။ ကျမကို ဖမ်းထားတဲ့နေရာက ဂိုဒေါင်ဆိုတာဘဲ သိတယ်။ သူတို့လည်း တစ်ချိန်လုံး သူတို့မျက်နှာကို ဖုံးထားတယ်။ ပြန်ပေးဆွဲခံရပြီး ပထမရက်မှာ သူတို့ခေါင်းဆောင်လားတော့ မသိဘူး။ ကျမကို ပိုက်ဆံပေးဖို့တောင်းတယ်။ မပေးနိုင်ဘူး ပြန်ပြောလို့ ကျမပါးကို ၂ ချပ်ရိုက်သေးတယ်။ နှစ်ပတ်အတွင်းမှာတော့ ကျမကို အခန်းတစ်ခန်းမှာ ပိတ်ထားတယ်။ တစ်နေ့ကို စားဖို့ ထမင်းနှစ်ခါတော့ ကလေးလေးတစ်ယောက်က လာပို့ပေးတယ်”လို့ ပြောပါတယ်။
၎င်းအမျိုးသမီးကို ပြန်ပေးဆွဲခဲ့တဲ့ ဓားပြအဖွဲ့ဟာ သေနတ်ကိုယ်စီ ရှိကြတယ်လို့ ကာယကံရှင်ဖြစ်သူက ဆက်ပြောပါတယ်။
“ကျမ သိသလောဆိုရင် ပြန်းပေးဆွဲတဲ့နေ့က အမျိုးသား ၃ ယောက်က ပြန်ပေးဆွဲခဲ့တာပါ။ သူတို့ ၃ ယောက်လုံးမှာ သေနတ်ကိုယ်စီရှိတာတော့ မြင်လိုက်တယ်”
ဓားပြတွေ တောင်းထားတဲ့ ငွေပမာဏအတိုင်းကို ပြန်ပေးဆွဲခံရသူရဲ့ အမျိုးသားဖြစ်သူက ငွေသား ကျပ်သိန်း ၁၀၀ ပေးပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်က ပြန်လည်လွှတ်မြောက်လာတာဘဲ ဖြစ်ပါတယ်။
မူဆယ်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်းတွေဟာ အရင်ကထက် များလာပြီး ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေလည်း မကြာခဏ ဖြစ်ပွားနေတဲ့မြို့လည်းဖြစ်သလို အမှုတိုင်းမှာ အများစုက လက်နက်ကိုင်ဆောင်ထားကြသူတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။