ခိုင်လေး၊ မေလ ၁၆ ရက်၊ မကွေး
မကွေးတိုင်းမှာ အခြေစိုက်တပ်စွဲထားတဲ့ NUG လက်အောက်ခံ မင်းဘူးခရိုင်အမှတ် (၆) တပ်ရင်းမှ ရဲဘော်တွေဟာ ရာသီအကူးပြောင်းမှုနဲ့ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေပြားရောဂါကို ဆိုးရွားစွာ ခံစားနေရကြောင်း မင်းဘူးခရိုင်အမှတ် (၆) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
ရှေ့တန်းရောက် ရဲဘော်တွေထဲက ၁၀၀ ရာခိုင်နှုန်း မှာ ၇၀ ရာခိုင်နှုန်းလောက်က အရေပြားရောဂါကို ဆိုးဆိုးရွားရွားခံစားနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
”ရာသီအကူးအပြောင်း၊ ရေမသန့်ရှင်းရာက ဖြစ်တာပါဗျ။ အခက်အခဲကတော့ အနာတွေ အရမ်း ဖြစ်တာများတယ်။ ခြေလက်တွေ ယောင်ပြီးတော့ လမ်းသေချာမလျှောက် နိုင်တဲ့ထိ ဖြစ်တယ်ဗျ” လို့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူက ပြောပါတယ်။
ဆေးဝါးကုသမှုမှာလည်း လုံလောက်မှုမရှိတာကြောင့် ရဲဘော်တွေရဲ့ အရေပြားရောဂါဟာ ပိုမိုဆိုးရွားလာနိုင်ပြီး ကူးစက်မှုတွေလည်း ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။
ရဲဘော်တွေရဲ့ အရေပြားရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့အတွက် တော်လှန်ပြည်သူ တွေ အနေနဲ့ ဆေးဝါးပစ္စည်းတွေကို ပါဝင်ကူညီပေးကြဖို့ မင်းဘူးခရိုင်အမှတ် (၆) တပ်ရင်း မှ တာဝန်ရှိသူတွေက တိုက်တွန်းပြောဆိုထားပါတယ်။