မိုင်းပန်ပျော်၊ မေလ ၁၄ ရက်၊ လားရှိုး
တရုတ်အကူအညီနဲ့ လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ လားရှိုးလေဆိပ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
လာမယ့် မေလ ၂၀ ရက်နောက်ပိုင်းမှာ လားရှိုးလေဆိပ်ကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စစ်ကောင်စီတပ်က လားရှိုးလေယာဉ်ကွင်းထဲမှာ သန့်ရှင်းရေးလုပ်ဆောင်နေကြတယ်လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“လားရှိုးလေယာဉ်ကွင်း ပြန်ဖွင့်ဖို့ စကစဘက်က ပြင်နေတာတွေ့ရတယ် အဆောက်အဦးတွေ ဆေးခြယ်တာတို့ လေယာဉ်ကွင်းထဲမှာ သန့်ရှင်းရေးလုပ်နေတာတွေ တွေ့ရတယ်”
လားရှိုးလေဆိပ်ကို လာမယ့် မေလ ၂၀ ရက်နောက်ပိုင်းမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး လားရှိုး-ရန်ကုန် လားရှိုး- မန္တလေး စတဲ့ခရီးစဉ်တွေကို စတင်ပျံသန်းသွားမယ်လို့ အဲသတင်းအရင်းမြစ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်ကစပြီး တရုတ်ရဲ့အကူအညီနဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီး အုပ်ချုပ်ရေးယန္တရားတချို့ကိုသာ စတင်လည်ပတ်နေပြီး အများစုကတော့ မလည်ပတ်နိုင်သေးပါဘူး။