မိုင်းအရှိုင်း၊ မေလ ၁၃ ရက်၊ လားရှိုး
စစ်ကောင်စီပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း လားရှိုးမြို့မှာ ခိုးဆိုးလုယက်မှုတွေ မြှင့်တက်လာနေပြီး ဒီနေ့ မေလ ၁၃ ရက် ၁ နာရီအကျော်မှာ မန်ဆူကျောင်းအနီး ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသမီးတစ်ယောက်ကို သူခိုးတွေက သေနတ်ထောက်ပြီး ဓားပြတိုက်တဲ့ ဖြစ်စဉ် ထပ်မံဖြစ်ပွါးခဲ့ပါတယ်။
ဖြစ်စဉ်ကို သိရှိသူ တစ်ဦးက “အမျိုးသမိးတစ်ဦးကို ဆိုင်ကယ်ရှေ့က ကားနဲ့ပိတ်ရပ်ပြီး သေနတ်နဲ့ထောက်ပြီး ဆွဲကြိုးဖြုတ်လုသွားပြီး ကားနဲ့ပြေးသွားတာပဲ။ အဲနားက ပတ်ဝန်းကျင်ကလည်း ဘာမှ ပြောမရဘူး။ ပါးစပ်ဟောင်းလောင်းသားနဲ့ပေါ့” လို့ ပြောပါတယ်။
သူခိုးအဖွဲ့ဟာ သေနတ်ပါတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်ကလူတွေဟာ ဘာမှမတတ်နိုင်ဘဲ ဓားပြတိုက်ခံရတဲ့ အမျိုးသမီးတစ်ယောက်က သူမရဲ့ ဆွဲကြိုးကို ပေးလိုက်ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ပြန်လည်ဝင်ရောက်လာပြီးနောက်ပိုင်း လားရှိုး ဓားပြတိုက်မှုနဲ့ ခိုးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဓားပြတိုက်မှုပါဝင်သူတွေအများစုဟာ သေနတ်ကိုင်ဆောင်ထားကြသူတွေ ဖြစ်နေပါတယ်။
မေလ ၁၁ ရက်မှာလည်း ရပ်ကွက် (၁) ပါရမီလမ်းထဲမှာ သေနတ်ကိုင်ဆောင်ထားတဲ့ သူခိုးတွေက အမျိုးသမီးတစ်ဦးကို ဓားပြတိုက်ကာ ကားနဲ့ လက်စွပ်နှစ်ကွင်း ယူဆောင်သွားခဲ့ပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ်-MNDAA ထိန်းချုပ်ချိန်မှာ သူခိုးဓားပြတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူးတာတွေလုပ်ဆောင်ခဲ့ပြီး လားရှိုးမြို့ကို ပြန်စွန့်ခွာခဲ့ရချိန်မှာတော့ သူတို့ ဖမ်းဆီးထားတဲ့ သူခိုးဓားပြတွေကို ပြန်လွှတ်ပေးထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ သူခိုးဓားပြတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးအရေးယူပေးတာတွေ မလုပ်နိုင်တာကြောင့် ဒေသခံတွေ ကိုယ့်နည်းကိုယ့်ဟန် ဖမ်းဆီးနေရပြီး မနေ့ မေလ ၁၂ ရက် ရပ်ကွက် ၁ ရှိ နေအိမ်ဖောက်ဝင်တဲ့ သူခိုးသုံးယောက်အနက် တစ်ယောက်ကို ဒေသခံတွေက ဖမ်းဆီးမိခဲ့ပါတယ်။