ယာရူစိင်၊ မေလ ၁၃ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့မှာရှိတဲ့ နေအိမ်တွေကို လိုက်ဖောက်နေတဲ့ သူခိုး ၃ ဦးထဲက ၁ ဦးကို ရပ်ကွက်နေဒေသခံတွေက ဖမ်းမိထားတယ်လို့ သိရပါတယ်။
မနေ့ မေလ ၁၂ ရက် မနက် ၉ နာရီအချိန်မှာ လားရှိုးမြို့ ရပ်ကွက် ၁ ရှိ နေအိမ်တစ်အိမ်ကို အမျိုးသား ၃ ဦးက ဖောက်ဝင်ဖို့လုပ်နေချိန်မှာ အိမ်နီးချင်းဖြစ်သူတစ်ဦးက တွေ့တာကြောင့် ဒေသခံတွေက ဝိုင်းဝန်းဖမ်းစီးခဲ့ပြီး ၂ ဦး ထွက်ပြေးလွတ်မြောက်သွားကာ ၁ ဦးကိုတော့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
“သူတို့ပုံစံက ထောင်ထွက်ပုံစံနဲ့ တူတယ်။ တော်သေးလို့ အိမ်းနီးချင်းတစ်ယောက်က တွေ့လို့ အော်လိုက်တာပေါ့။ ကျန်တဲ့နှစ်ယောက်က လွတ်သွားတယ်။ တစ်ယောက်ဘဲ ဖမ်းမိထားတာပေါ့။ လားရှိုးမှာက ဒီတလော ဓားပြတိုက်မှုလဲ ဆက်တိုက်ဖြစ်နေတယ်။ ဈေးသွားဖို့တောင် ကြောက်နေရတယ်။ ဘယ်သွားသွား စိတ်လုံခြုံမှုမရှိတော့ဘူး”လို့ လားရှိုးမြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ သူခိုး ၁ ဦးကိုတော့ လားရှိုးမြို့ရှိ သက်ဆိုင်ရာဌာနတွေထံ သွားအပ်နှံထားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၁ ရက်ကလဲ လားရှိုးမြို့ ရပ်ကွက် (၁) ပါရမီလမ်းထဲမှာ သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုက အမျိုးသမီးတစ်ဦးကို ဓားပြတိုက်ကာ ကားနဲ့ လက်စွပ်နှစ်ကွင်း ယူဆောင်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ် ဝင်ရောက်လာပြီးတဲ့နောက်မှာ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေသလို လက်ရှိအချိန်ထိ မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးအပါအဝင် အုပ်ချုပ်ရေးယန္တရားအချို့ကို စတင်လုပ်ဆောင်နေပေမဲ့ လုံခြုံရေးအပိုင်းကိုတော့ လက်ရှိအချိန်ထိ မလုပ်ဆောင်နိုင်သေးကြောင်းကို ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ်က တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ကိုးကန့်တပ်ဖွဲ့ထံကနေ ပြန်အုပ်ချုပ်ခွင့် ရခဲ့တာဘဲ ဖြစ်ပါတယ်။