ယာရူစိင်၊ မေလ ၁၂ ရက်၊ လားရှိုး
စစ်ကောင်စီပြန်လည်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၁) ပါရမီလမ်းထဲမှာ သေနတ် ကိုင်ဆောင်ထားတဲ့ လူတစ်စုက အမျိုးသမီးတစ်ဦးကို ဓားပြတိုက်ကာ ကားနဲ့ လက်စွပ်နှစ်ကွင်း ယူဆောင်သွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
မနေ့ မေလ ၁၁ ရက် နေ့လယ် ၂ နာရီအချိန်မှာ ဈေးကနေ ပြန်လာတဲ့ အမျိုးသမီးတစ်ဦးကို သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ဓားပြတိုက်သွားတာဖြစ်တယ်လို့ လားရှိုးမြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဓားပြတိုက်ခံရတဲ့နေရာက ပါရမီလမ်းထဲဝင်ပြီး ရန်တိုင်းအောင်ဘက် သွားတဲ့ လမ်းဘယ်ဖက်ချိုး ၂ လမ်းမြောက် နားမှာပါ။ ဓားပြတိုက်ခံရတဲ့ အမျိုးသမီးရဲ့ အိမ်နဲ့ မဝေးတော့ဘူး။ ဓားပြတိုက်ပြီး ကားကို မြို့ပြင်ဘက် မောင်းသွားတယ်။ မိဖို့တော့ မလွယ်လောက်တော့ဘူးပေါ့။ iPhone တစ်လုံးလဲပါပေမဲ့ အဲဖုန်းကို လမ်းမှာဘဲ လွှင့်ပစ်လိုက်တာ”လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် မနေ့ မေလ ၁၁ ရက်မှာဘဲ လားရှိုးမြို့ ရတနာထွန်းလမ်းမှာ ဆိုင်ကယ် Scopy မိုးပြာလေး တစ်စီး ပျောက်ဆုံးသွားတယ်လို့ နောက်ထပ် သတင်းအရင်းမြစ် တစ်ဦးက ပြောပါတယ်။
“မနေ့ တစ်ရက်မှာတင် ဓားပြတိုက်ခံရတာနဲ့ ဆိုင်ကယ်ပျောက်တာ ဖြစ်သွားတယ်လေ။ တချို့ကျလည်း ဘယ်ဌာနကို တိုင်ရမလဲတောင် မသိတော့ဘူး။ မလုံခြုံတော့ဘူးလို့ ပြောရမှာပေါ့နော်။ ဖုန်းဆိုင် ဓားပြတိုက်ခံရတုန်းကလည်း ဓားပြတွေကို ဖမ်းမိတယ်လို့ပြောနေတာဘဲ။ ပြီးရင် တကယ်ဖမ်းမိတာလား မဖမ်းမိသေးတာလား မသိရဘူးလေ။ နယ်ထိန်းတွေ ရောက်နေပြီလို့ ပြောပေမဲ့ အရေးအကြောင်းဆိုရင် ဖုန်းဆက်ရင်တောင် နယ်ထိန်းတွေက ဖုန်းမကိုင်အားဘူး”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ် ဝင်ရောက်လာပြီးတဲ့နောက်မှာ ဓားပြတိုက်မှုနဲ့ လုယက်မှု ၉ ကြိမ်ထက်မနည်း ဖြစ်ပွားနေသလို လက်ရှိအချိန်ထိ မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံးကြီးအပါအဝင် တချို့ယန္တရားတွေကို စတင်လုပ်ဆောင်နေပေမဲ့ လုံခြုံရေးအပိုင်းကိုတော့ လက်ရှိအချိန်ထိ မလုပ်ဆောင်နိုင်သေးကြောင်းကို ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ်က ပြန်မတိုက်ယူနိုင်ပေမဲ့ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြန်အုပ်ချုပ်ခွင့် ရခဲ့တာဘဲ ဖြစ်ပါတယ်။