လွေးလာဝ်ဇာရ်၊ မေလ ၉ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်အုပ်ချုပ်တဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ဓားပြတိုက်မှု ဆက်တိုက် ဖြစ်နေတယ်လို့ လားရှိုးဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မေလ ၇ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ အမှတ် ၁ ရဲစခန်းအနီးမှာရှိတဲ့ ဖုန်းဆိုင်တစ်ဆိုင်ကို ကားတစ်စီးနဲ့ သေနတ် ကိုင်ဆောင်လာတဲ့ အမျိုးသား ၆ ဦးက ဓားပြ ဝင်တိုက်ခဲ့ရာ ကားတစ်စီးနဲ့ဖုန်းတစ်လုံး ပါသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ လားရှိုးဒေသခံတစ်ဦးက “လွယ်နေကျအိတ်လည်း ပါသွားတယ်ထင်တယ် ဆိုင်ရှင်ပြောပြတာ။ ဒါပေမဲ့ ပိုက်ဆံတော့ သိပ်မများဘူးတဲ့။ ကားတစ်စီး ဖုန်းတစ်လုံးတော့ ပါသွားတယ်။ ဘေးဆိုင်တွေတောင် မသိကြဘူး။ ရဲတွေ လာမေးမှ သိကြတာ။ သူတို့တောင် အရမ်းကြောက်လို့ ဒီနေ့ ဆိုင်အကုန် ပိတ်သိမ်းသွားပြီ” လို့ ပြောပါတယ်။
လက်ရှိ လားရှိုးမြို့မှာ စစ်တပ်က ၎င်းတို့ရဲ့ ဌာနဆိုင်ရာ ရုံးတွေကို ဦးစားပေး ပြင်နေတဲ့အတွက် လားရှိုးမြို့ရဲ့ လုံခြုံရေး အုပ်ချုပ်ရေးယန္တာရားကို လုပ်ဆောင်တာ မတွေ့ရဘူးလို့ နောက်ထပ် လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သူတို့ရဲ့ စည်ပင်တွေကတော့ အလုပ် လုပ်တာ တွေ့တယ်။ ဟိုနားရှင်း ဒီနားရှင်းတာတွေပေါ့။ စစ်တပ်ပိုင်းဆိုင်ရာကတော့ သူတို့ရဲ့ ရုံးတွေ တပ်တွေ ပြန်ပြင်ဖို့ဘဲ ဦးစားပေးနေတာ။ အဲဒါနဲ့ဘဲ အချိန်ကုန်နေတာ။ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအပိုင်းတွေ အရမ်းအားနည်းလို့ကို အခု ရဲစခန်းတိုက်တန်းမှာတောင် ဓားပြတိုက်သွားတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း ရွှေဖီမြေ ရရှိထားတဲ့စာရင်းအရ လားရှိုးမြို့မှာ ဓားပြတိုက်မှု ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်က ဝင်ရောက်ပြီးနောက် ဓားပြတိုက်မှု၊ ဓားခုတ်မှု၊ လုယက်မှု ဆက်တိုက် ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ တော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာကနေ ၈ လကျော်အကြာမှာ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရတာပဲ ဖြစ်ပါတယ်။