ရွှေဖီမြေ၊ မေလ ၅ ရက်
ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ကော်သူလေးအုပ်ချုပ်နယ်မြေ မူတြော်(ဖာဖွန်)ခရိုင်ထဲ ပြီးခဲ့တဲ့ ဧပြီလအတွင်း KNU တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၁၃၉ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က ဒီနေ့ မေလ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဧပြီ ၁ ရက်ကနေ ၃၀ ရက်အထိ တစ်လအတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူး ၂ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၃၉ ဦး သေဆုံးခဲ့ပြီး ဒုတပ်ကြပ် ၁ ဦးအပါအဝင် ၅၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်က အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာထဲ လက်နက်ကြီး ၇ ကြိမ် ပစ်ခတ်တာ၊ တိုက်လေယာဉ်နဲ့ ဗုံးအလုံးရေ ၁၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာ ရခဲ့တဲ့အပြင် အဆောက်အဦး ၉ လုံးလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အပစ်ရပ်ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် KNU ထိန်းချုပ်ဒေသက သံဃာ ၄ ပါးအပါအဝင် အရပ်သား ၁၉ ဦး သေဆုံးခဲ့ကြောင်း KNU က ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။