ဓာတ်ပုံ- Local

မိုင်းရူပ၊ မေလ ၁ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ဓားပြတိုက်မှု ခိုးဆိုးလုယက်မှု ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီ ၃၀ ရက်မှာ လားရှိုးမြို့ ရပ်ကွက်(၇)က နေအိမ်တစ်ခုမှာ သူခိုးတွေ ဝင်ခိုးဖို့ ကြိုးစားနေချိန် အိမ်ရှင်နဲ့ ဘေးပတ်ဝန်းကျင်က ဝိုင်းဖမ်းခဲ့ရာ အမျိုးသား ၂ ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

“ခိုးဖို့ ကြိုးစားတဲ့အချိန်မှာ အိမ်ရှင်က မသင်္ကာလို့ဆိုပြီးတော့ အိမ်ရှင်တွေ၊ ပတ်ဝန်းကျင်တွေက ဝိုင်းဖမ်းတာ။ ၂ ယောက် ဖမ်းမိတယ်။ ကျန်တဲ့သူတွေတော့ လွတ်သွားတယ်။ စစ်ကောင်စီ ဝင်လာကတည်းက ဆက်တိုက် ဖြစ်နေတာပဲ” လို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့မှာ ဖြစ်ပွားနေတဲ့ ဓားပြတိုက်မှုတွေဟာ ကိုးကန့်တပ်က လားရှိုးကနေ ဆုတ်ခွာစဥ် လားရှိုး အကျဥ်းထောင်ကနေ လွှတ်ပေးလိုက်တဲ့ ရာဇဝတ်သားနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“လွှတ်ပေးတဲ့ ရာဇဝတ်သားတွေနဲ့ ဆက်စပ်မှု ရှိနိုင်တယ်။ အကုန်လုံးနီးပါး လွှတ်ပေးလိုက်တာ။ စစ်သုံ့ပန်းတချို့ကိုတော့ လောက်ကိုင် ခေါ်သွားတယ်” လို့ နောက်ထပ်လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာလည်း လားရှိုးဒေသခံတွေအချင်းချင်း အသွားအလာ ဂရုစိုက်ကြဖို့ သတိပေးတာတွေ တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်မှာလည်း လားရှိုးမြို့မှာ လုယက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒေသခံ ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုပါတယ်။

ဒါ့အပြင် ဧပြီ ၂၆ ရက်က လားရှိုးမြို့ ရပ်ကွက်(၉)ရှိ နေအိမ်တစ်ခုမှာ ဓားပြတစ်စု ဝင်ပြီး အမျိုးသားတစ်ဦးရဲ့ ဦးခေါင်းနဲ့လက်ကို ဓားနဲ့ခုတ်လို့ သေဆုံးခဲ့ပါတယ်။

လားရှိုးကို စစ်တပ်က ဝင်ရောက်လာပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့ မေလ ၁ ရက်အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှု၊ လူယက်မှု ၁၀ ကြိမ်နီးပါးအထိ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက် ထွက်ခွာခဲ့ရပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့ ၈ လကျော်အကြာမှာ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။