မိုင်းရူပ၊ မေလ ၁ ရက်၊ နောင်ချို
တိုက်ပွဲ ပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲမှာ စစ်ကောင်စီတပ်က အရပ်သား ၂ ဦးကို ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဧပြီ ၃၀ ရက်မှာ အမျိုးသား ၄ ဦးက ဆိုင်ကယ် ၂ စီးနဲ့ အုမ္မတီးရွာဘက် သွားရင်း စစ်တပ် ရှိရာနေရာကို ရောက်သွားတာကြောင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
“သူတို့ ၄ ယောက်က လမ်းမှားပြီး အုမ္မတီးလမ်းခွဲ ရောက်သွားတာ။ စစ်ကောင်စီပစ်လိုက်တော့ ၂ ယောက် သေသွားတယ်။ ကျန်တဲ့ ၂ ယောက်က ပြေးပြီးလွတ်လာတာ” လို့ ဖြစ်စဥ်သိရှိတဲ့ နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သေဆုံးသွားသူဟာ ကျောက်မဲမြို့နယ်မှာ နေထိုင်တဲ့ ဦးအိုက်အောင်နဲ့ ဦးအကီဆိုသူဖြစ်ပြီး အုမ္မတီးရွာဘက် ဘာသွားလုပ်တယ်ဆိုတာနဲ့ ပတ်သက်လို့တော့ ရွှေဖီမြေက မသိရသေးပါဘူး။
အုမ္မတီးရွာမှာ စစ်တပ်နဲ့ တအာင်းတပ်- TNLA တို့အကြား နေ့စဥ်လိုလို တိုက်ပွဲ ပြင်းထန်နေပါတယ်။
အုမ္မတီးလမ်းခွဲမှာ ပြီးခဲ့တဲ့ မတ်လထဲလည်း အမျိုးသားတစ်ဦးဟာ စစ်တပ် ပစ်ခတ်တာ ခံခဲ့ရပါတယ်။