မိုင်းရူပ၊ ဧပြီ ၂၈ ရက်၊ နောင်ချို
တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် သစ်စက်ရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဧပြီ ၂၇ ရက်မှာ စစ်တပ်က သစ်စက်ရွာကို ဂျက်လေယာဥ်နဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၂ ဦး အပါအဝင် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
“ဂျက်လေယာဥ်နဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး လာကြဲတာ။ အမျိုးသမီး ၂ ယောက် ဒဏ်ရာ ရတယ်။ တစ်ယောက်က ပေါင်မှာ ဒဏ်ရာ ရတယ်။ တစ်ယောက်က မျက်နှာမှာ ဗုံးစ ထိတာ” လို့ နောင်ချိုဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်မှာလည်း စစ်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနီးရှိ ကျောက်ကြမ်း၊ အုမ္မခါးနဲ့ အုမ္မတီးရွာတွေထဲ Y-12 လေယာဥ် အသုံးပြုပြီး ဗုံး ၃၀ နီးပါးကြဲချတိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်ဟာ လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ထိန်းချုပ်ဖို့ တောင်းခမ်းနဲ့ အုမ္မတီးဘက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။
ဧပြီ ၃၀ ရက်အထိ အပစ်ရပ်သက်တမ်း ထပ်တိုးလိုက်တယ်လို့ ပြောထားပေမဲ့ စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းနဲ့ တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။