ယာရူစိင်၊ ဧပြီ ၂၄ ရက်၊ လောက်ကိုင်
“ဝ”တပ် ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့ကနေ ကိုးကန့်တပ် ထိန်းချုပ်နယ်မြေ လောက်ကိုင်မြို့ဘက် ခရီးသည် သွားပို့တဲ့ ယာဉ်မောင်းတစ်ဦး အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်က ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် မောင်အိုက်ရီဟာ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်က ပန်ဆန်းမြို့ကနေ လောက်ကိုင်မြို့ဘက် ခရီးသည် သွားပို့ပြီးနောက် ပျောက်ဆုံးသွားတာပါ။
“ဇာတိကတော့ လားရှိုးမြို့ပေါ့။ ပန်ဆန်းကနေ ခရီးသည်က သူ့ကားကို အော်ဒါ ငှားပြီး လောက်ကိုင်ဘက် သွားပို့တာပါ။ အခုထိ အဆက်အသွယ် မရသေးဘူး။ လောက်ကိုင်မှာရှိတဲ့ သက်ဆိုင်ရာဌာနတွေဆီတော့ အကြောင်းကြားထားပါတယ်”
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ နောက်ဆုံး အဆက်အသွယ် ရပြီးနောက် ဒီနေ့ ဧပြီ ၂၄ ရက်အထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း ၎င်းမိသားစုဝင်က ဆက်ပြောပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အရှုပ်အထွေးကြောင့် မောင်အိုက်ရီအတွက် စိတ်ပူနေရပြီး ၎င်းကို တွေ့ရှိသူတွေအနေနဲ့ မိသားစုထံ ဆက်သွယ်အကြောင်းကြားပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။