ရွှေဖီမြေ၊ ဧပြီ ၂၂ ရက်၊ လားရှိုး
ကိုးကန့်တပ်မတော်- MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်ထံ လွှဲပြောင်းဖို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို စစ်ကောင်စီနဲ့ ကိုးကန့်တပ်က ကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း တရုတ်နိုင်ငံရဲ့ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးမြို့သို့ ပို့ဆောင်ထားပြီး လားရှိုးကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးဖို့ ဖြစ်တယ်လို့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဒီနေ့ ဧပြီ ၂၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒီရက်ပိုင်းအတွင်းမှာ တရုတ်ရဲ့ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးကို စေလွှတ်ခဲ့တယ်။ ကိုးကန့်နဲ့ မြန်မာစစ်တပ်ကို စောင့်ကြည့်ဖို့ဖြစ်ပြီး လားရှိုးကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးဖို့လည်း ဟုတ်တယ်။ နှစ်ဖက်လူကြီးတွေက ကျနော်တို့ကို ကျေးဇူးတင်ကြတယ်” လို့ Guo Jiakun က ပြောကြားခဲ့ပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်မှာ ဖြစ်ပါတယ်။
ဒီနေ့ ဧပြီ ၂၂ ရက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ယာဥ်တန်း ၁၅၀ ကျော်ဟာ လားရှိုးမြို့တွင်းသို့ ထပ်မံ ဝင်ရောက်လာတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့မှာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းကိုယ်တိုင် ရောက်ရှိနေပြီး လားရှိုးကို စစ်ကောင်စီထံ လွှဲပြောင်းဖို့ စစ်တပ်နဲ့ ကိုးကန့်တပ်အကြား ကြားဝင်စေ့စပ်မှု ပြုလုပ်နေပါတယ်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေး အင်အားစုတွေကတော့ တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးကို ပေါ်ပေါ်တင်တင် ဝင်ရောက် စွက်ဖက်နေပြီး စစ်ကောင်စီဘက်ကို တစ်ဖက်သက်ရပ်တည်နေတယ်လို့ ပြောဆိုကြပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။