လွေးလာဝ်ဇာရ်၊ ဧပြီ ၂၂ ရက်၊ နမ္မတူ
တအာင်းတပ်မတော် ထိန်းချုပ်ဒေသဖြစ်တဲ့ နမ္မတူမြို့ သတလ ၄ က အမျိုးသားတစ်ဦး ရေကူးရင်း ရေနစ်ပြီး သေဆုံးခဲ့တယ်လို့ နမ္မတူဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ ဧပြီ ၂၁ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ နမ္မတူမြို့မှာရှိတဲ့ နမ္မတူချောင်းထဲက ရေလယ်ကျွန်းလို့ခေါ်တဲ့နေရာမှာ အမျိုးသားတစ်ဦး ရေကူးရာကနေ ရေနစ်သွားခဲ့တာလို့ ဆိုပါတယ်။
နမ္မတူဒေသခံတစ်ဦးက “သူတို့သူငယ်ချင်းနဲ့ ၅ ယောက် ၆ ယောက် သွားတယ်။ ၆ ယောက်စလုံးက ရေမကူးတတ်ဘူးတဲ့။ အဲဒါနဲ့ နစ်သွားတာ။ ပုံမှန်ဆို ဒီအချိန်ဘဲ အရမ်းဂရုစိုက်ရတယ်။ သင်္ကြန်မတိုင်ခင်တို့ သင်္ကြန်အတွင်း သင်္ကြန်ပြီးနောက် ဒီရေက လူစားနေကြတဲ့အချိန်ဘဲ” လို့ ပြောပါတယ်။
ရေနစ်သေဆုံးသွားတဲ့ အမျိုးသားဟာ ကောင်းဆက်လင်း (၁၅ နှစ်)ဆိုသူပဲ ဖြစ်ပါတယ်။
အဲဒီနမ္မတူချောင်းမှာ နှစ်စဉ်လိုလို ရေနစ်သေဆုံးသူရှိပြီး ဒေသခံအပြင် အဝေးကနေ လာရောက်ကာ ရေဆော့ကစားတဲ့ ဧည့်သည်တွေလည်း ရေနစ်သေဆုံးခဲ့ဖူးတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်ကလည်း နမ့်ခမ်းမြို့က ရွှေလီမြစ် (နမ့်ခမ်းချောင်းသာ)လို့ခေါ်တဲ့နေရာမှာ သင်္ကြန်အတွင်း ရေကစားရင်း မိုင်းနိုင်ထက် (၁၆ နှစ်)ဆိုသူလည်း ရေနစ်သေဆုံးခဲ့ဖူးပါတယ်။