မိုင်းရူပ၊ ဧပြီ ၁၉ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့ကို ပြန်လည် အုပ်ချုပ်ဖို့ လားရှိုးမြို့ကို ရောက်ရှိနေတဲ့ စစ်ကောင်စီ ထိပ်ပိုင်းအရာရှိတွေ ဆင်နှစ်ကောင်ဟိုတယ်မှာ တည်းခိုနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

လားရှိုးမြို့ကို အုပ်ချုပ်ဖို့ ရောက်ရှိနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ နှစ်သစ်ကူးနေ့ ဧပြီ ၁၇ ရက်မှာ လားရှိုးမြို့သို့ ရောက်ရှိနေပြီး ကိုးကန့်တပ်နဲ့ ညှိနှိုင်းမှုပြုလုပ်ကာ မနေ့ ဧပြီ ၁၈ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ မြို့တွင်းကို ဝင်ရောက်လာကြတာ ဖြစ်ပါတယ်။

“လားရှိုးမြို့ရဲ့ ဆင် ၂ ကောင် ဟိုတယ်မှာ တည်းနေကြတာ ၁၇ ရက်နေ့ကတည်းက အကြီးပိုင်းအချို့ ရောက်တယ်။ အဲအချို့နဲ့ အစည်းအဝေးတွေ လုပ်ကြ အပေးအယူ လုပ်ကြတာပေါ့။ မနေ့တော့ ပေါ်တင်ကို ဝင်လာကြတော့တာပဲလေ။ မြို့ပြင်မှာ စောင့်နေတဲ့ ဗန်ကာတွေကလည်း အခြားအဖွဲ့က လာတိုက်မှာစိုးလို့ စောင့်ပေးနေကြပုံပဲ” လို့ လားရှိုးမြို့မှာ ရှိနေတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ကို ကိုးကန့်တပ် အုပ်ချုပ်စဥ် လားရှိုး ပြန်လည်ထူထောင်ရေးမှာ ပါဝင်နေတဲ့ CDM ဝန်ထမ်းနဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ လားရှိုးကနေ ဆုတ်ခွာကြပြီး ကိုးကန့်တပ် အုပ်ချုပ်ရေးမှာ ပါဝင်ခဲ့တဲ့ ဒေသခံတွေ လုံခြုံရေး စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“စစ်ကြောရေး လာခေါ်လဲ လိုက်ယုံပဲ။ ကျနော့်မိသားစုနဲ့ အိမ်က ဒီမှာရှိတာလေ။ သူတို့ကတော့ အာမခံချက် ပေးထားတယ်ဆိုပေမဲ့ ကြောက်တယ်ပေါ့။ မိသားစု ခေါ်သွားရအောင်လည်း သူတို့ပေးတဲ့ ငွေလောက်နဲ့ ဘာမှဖြစ်မလာနိုင်ဘူးလေ” လို့ လားရှိုး ပြန်လည်ထူထောင်ရေးမှာ ပါဝင်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ MNDAA တို့ အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ ဧပြီ ၂၁ ရက်နောက်ဆုံးထားကာ လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

လားရှိုးအရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီရော ကိုးကန့်တပ်ဘက်ကပါ တရားဝင် ထုတ်ပြောတာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။