ရွှေဖီမြေ၊ ဧပြီ ၈ ရက်၊ လောက်ကိုင်
၁ဝ၂၇ စစ်ဆင်ရေးအပါအဝင် တိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ သူရဲကောင်း ရဲဘော်တွေအတွက် အောက်မေ့ဖွယ် ဂုဏ်ပြုခြင်းအခမ်းအနား ကျင်းပခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ကိုးကန့်တပ်- MNDAA က မနေ့ ဧပြီ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
အဲဒီအခမ်းအနားကို ပြီးခဲ့တဲ့ ဧပြီ ၂ ရက်က ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ရန်လုံကျိုင်း သူရဲကောင်းဗိမာန်မှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။
အခမ်းအနားကို တရုတ်ရဲ့ ထိန်းသိမ်းခြင်း ခံခဲ့ရတဲ့ ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်လည်း ပါဝင်တက်ရောက်ခဲ့ပြီး အခမ်းအနားမှာ ဂုဏ်ပြုမှတ်တမ်းတင်စကား ပြောခြင်း၊ လွမ်းဆွတ်ပန်းခွေ ချခြင်းနဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံစကား ပြောဆိုတာလည်း ပါဝင်ပါတယ်။
ကိုးကန့်တပ်ရဲ့ ထုတ်ပြန်ချက်မှာ လားရှိုးတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုထားတာတွေလည်း ဖော်ပြထားပါတယ်။
လက်ရှိမှာ တရုတ်ရဲ့ ဖိအားကြောင့် ကိုးကန့်တပ်ဟာ လားရှိုးကို စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး တပ်အပြောင်းအရွှေ့တွေကိုလည်း စတင်လုပ်ဆောင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။