အိုက်ပွီး၊ ဧပြီ ၄ ရက်၊ တွန်းဇံ
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့မှာရှိတဲ့ ချင်းလဲန်းကောင်စီ- CC တပ်စခန်းတွေကို ဇိုမီးတော်လှန်ရေးတပ်- ZRA က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တွန်းဇံမြို့မှာရှိတဲ့ CC တပ်စခန်းတွေကို ZRA က မနေ့ ဧပြီ ၃ ရက် မနက် ၆ နာရီကစပြီး အင်အား အလုံးအရင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့ရာ ဒီနေ့ ဧပြီ ၄ ရက်အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“မနေ့ကမနက် တွန်းဇံမြို့ထဲက နေရာ ၄ ခုလောက်မှာရှိတဲ့ CC တပ်စခန်းတွေကို ZRA က တပ်အင်အား အလုံးအရင်းနဲ့ ရုတ်တရက် ဝင်ရောက်လာပြီး တိုက်ခိုက်ခဲ့တာပါ။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး တိုက်ပွဲက ပြင်းထန်သွားပါတယ်” လို့ တွန်းဇံမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ ဧပြီ ၄ ရက် မနက်အစောပိုင်းကလည်း တွန်းဇံမြို့ထဲက CC တပ်စခန်းတွေကို ZRA က ဒရုန်၊ လက်နက်ကြီးနဲ့ ထပ်မံ တိုက်ခိုက်လာပြီး နှစ်ဖက်တိုက်ပွဲဆက်လက် ဖြစ်ပွားနေသေးတယ်လို့ သိရပါတယ်။
“ဒီမနက်ကျတော့ မြို့ထဲက CC စခန်းတွေကို ZRA က ဒရုန်း သုံး လေးစီးနဲ့ တိုက်ခိုက်တယ်။ လက်နက်ကြီးကျည်တွေနဲ့ ပစ်တယ်။ တိုက်ပွဲတွေက ပြင်းထန်နေသေးတယ်။ ZRA ဘက်က တပ်အင်အား အများကြီး ဖြည့်ပြီး တိုက်ခိုက်နေတယ်။ အခုအခြေအနေရတော့ ZRA ဘက်က ထိခိုက်ကျဆုံးမှု ရှိတယ်” လို့ နောက်ထပ် တွန်းဇံမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လက်ရှိကာလဟာ အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် မြန်မာနိုင်ငံတဝန်း ဒုက္ခရောက်နေကြသူတွေကို ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးအတွက် ယာယီ အပစ်အခတ် ရပ်စဲပြီး ဝိုင်းဝန်းဆောင်ရွက်နေတဲ့အချိန် ဖြစ်တာကြောင့် စစ်ရေး လှုပ်ရှားမှုကန့်သတ်ထားခြင်းကို အခွင့်အရေးယူပြီး ZRA က ကျူးကျော် တိုက်ခိုက်လာတယ်လို့ CNA တပ်မဟာ ၄ က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
မိမိကိုယ်ကို ခုခံကာကွယ်ဖို့ လိုအပ်လာတာကြောင့် ZRA တပ်ဖွဲ့တွေကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။
တွန်းဇံမြို့ဟာ CC အဖွဲ့ ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီး CC နဲ့ ZRA တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားတဲ့မြို့လည်း ဖြစ်ပါတယ်။