ရွှေဖီမြေ၊ ဧပြီ ၂ ရက်၊ လားရှိုး
ဒီနေ့ ဧပြီ ၂ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ရပ်ကွက်(၁၀) မြို့ဝမ်လမ်းထဲက ဆိုင်တစ်ခု ဓားပြ တိုက်ခံခဲ့ရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဖြစ်စဉ်ဟာ သေနတ် ကိုင်ထားတဲ့ အမျိုးသား ၅ ဦး ကားနဲ့ ရောက်ရှိလာပြီး မြို့ဝမ်လမ်းထဲရှိ ဘုန်းကြီးကျောင်းဘေးက ဆိုင်ကို ဝင်ရောက်ကာ ဓားပြ တိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“ကားကတော့ အဖြူရောင်ပဲ။ ဘာကားလဲ မသိဘူး။ ဆိုင်ထဲ ဝင်လာတော့ စျေးဝယ်ပဲထင်တာ။ ရေသန့်ဆိုတော့ သွားယူတုန်း အဘွားကို သေနတ်နဲ့ ထောက်လိုက်တာ။ စတယ်ပဲထင်တာ။ ပြီးတော့မှ မအော်နဲ့ဆိုပြီးတော့ ခြိမ်းခြောက်တာ။ ကလေး ၂ ယောက်က ဖုန်းဆော့တော့ အဲ ၂ ယောက်ကိုလည်း သေနတ်နဲ့ ထောက်လိုက်တာ။ ပြီးတော့ အိမ်ထဲ ဝင်ပြီးတော့ အဘိုးကိုလည်း သေနတ်ထောက်တာ။ ကား ၁ စီးနဲ့ ဧည့်သည် ထပ်ရောက်လာမှ သူတို့ ထွက်ပြေးသွားတာ” လို့ ကာယကံရှင် အဘွားတစ်ဦးက ပြောပါတယ်။
အဲဒီအမျိုးသား ၅ ဦးဟာ တရုတ်လူမျိုးတွေ ဖြစ်ပြီး တစ်ယောက်ကလွှဲလို့ ကျန်တဲ့သူအားလုံး မျက်နှာကို Mark နဲ့ အုပ်ထားတယ်လို့ ဆိုပါတယ်။
“ဖုန်း ၂ လုံးနဲ့ ပိုက်ဆံ ၁ သိန်းကျော်လောက်ပဲ ပါသွားတာ။ အဘွားက နားကပ် ချွတ်ပေးနေတုန်း ရှိသေး။ ဧည့်သည်လာတာ ကံကောင်းသွားတယ်။ မဟုတ်ရင် အိမ်ထဲက ပစ္စည်းတွေရော အများကြီး ပါသွားအုံးမှာ” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။
လက်ရှိ အဲဒီဖြစ်စဉ်ကို ကိုးကန့်တပ်ဘက် တိုင်ကြားထားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
လားရှိုးမှာ ဓားပြတိုက်မှု မဖြစ်တာ လနဲ့ချီ ရှိခဲ့ပြီ ဖြစ်ပေမဲ့ အခုလို ဓားပြတိုက်မှု ထပ်ဖြစ်လာလို့ လူထုတွေ သတိထား နေထိုင်သင့်တယ်လို့ သူမက ပြောဆိုပါတယ်။
လက်ရှိ လားရှိုးမှာ ငလျင်ကပ်ဘေးကြောင့် လောင်းကစားရုံတွေ ပိတ်ထားပြီး ကျင်းပဖို့ စီစဥ္ထားတဲ့ သင်္ကြန်မဏ္ဍပ်ကိုလည်း ဖြုတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။