သူတော်စိန်၊ မတ်လ ၈ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ကျားဖြန်ရုံအများအပြားကျန်ရှိနေပြီး စစ်ကောင်စီနဲ့သူ့ရဲ့လက်အောက်ခံအဖွဲ့တွေကို အခွန်ပေးဆောင်ပြီးဖွင့်လှစ်နေဆဲဖြစ်တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မူဆယ်မြို့မှာ ကျားဖြန်မဟုတ်တဲ့သူတွေ အိမ်ငှားနေရင် တစ်နှစ်ကိုသိန်း ၅၀ နဲ့ ၆၀ ကြားပဲရနေပေမယ့် တရုတ်ကျားဖြန်လုပ်ငန်းလုပ်ကိုင်သူတွေကို အိမ်ငှါးပေးရင် တစ်နှစ်ကို သိန်း ၁၀၀ ကျော်ရအထိရနေတယ်လို့ အိမ်ခန်းငှားပေးနေတဲ့အမျိုးသမီးတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
“တခြားသူကို ငှားရင် တစ်နှစ်စာ သိန်း ၅၀ ၆၀ လောက်ပဲရတာ။ ကျားဖြန်ကိုငှားရင် သိန်း ၁၀၀ ၁၅၀ ရတော့ အန်တီတို့က သူတို့ကိုပဲ ငှားဖြစ်တော့တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုတော့ အသိပေးဖို့ လာငှားတဲ့ ပြည်သူ့စစ်ဗိုလ်ကြီးတွေကို ပြောရတယ်။ ရပ်ကွက်က ငှားဆိုလို့ အန်တီတို့က ငှားရတာ”
အခုလက်ရှိ ကျားဖြန်ရုံတွေက လူ ၂၅ ဦးနဲ့ ၅၀ ကြားရှိတဲ့ ကျားဖြန်တစ်ရုံကို သိန်း ၂၀၀ နှုန်း လူ ၁၀၀ နဲ့ ၁၅၀ ကြားဆိုရင် သိန်း ၃၀၀ စတဲ့လိုင်းကြေးတွေကို စစ်ကောင်စီလက်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲအရာရှိတွေဆီကို ပေးဆောင်ရတယ်လို့ ဖူလီလိုက်လမ်းကြားရှိ ကျားဖြန်ရုံတွေထံက စုံစမ်းသိရပါတယ်။
ဒါ့အပြင် ဂိမ်းဆိုင်နဲ့ ကျားဖြန်ရုံတွေက ရဲတွေဆီ လိုင်းကြေးပေးမပေးတာတွေရှိရင်လည်း အဲ့ဒီကျားဖြန်ရုံနဲ့ ဂိမ်းဆိုင်ကိုဖမ်းပြီး အမှုဖွင့်တာတွေလည်းရှိတယ်လို့ မြို့မရဲစခန်းနီးစပ်သူတစ်ဦးက ထပ်ပြောပါတယ်။
“ဒါကြီးပျောက်သွားရင် ရဲတွေ ဘာနဲ့စားမလဲ။ အထက်ကိုဘယ်လို ပြောမလဲ။ ကြည့်လိုက်လေ စွမ်စောရပ်ကွက်ထဲဆို ဂိမ်းရုံတွေ အများကြီး သူတို့မှမဖမ်းတာ။ လိုင်းကြေးမရတဲ့ရုံဆို အဖမ်းပြပြီး တင်ရတယ် အမှုအဖွင့်ပြရတယ်။ ကျားဖြန်က လိုင်းကြေးမပေးပဲ မနေရဲဘူး။ သူတို့က သိန်းကိုသောင်းနဲ့ချီပြီး ရင်နှီးထားရတာ။ တာဝန်ခံပြည်သူ့စစ်တွေက မူးယစ်ဆေးနဲ့ ငွေတွေ ရထားတော့ ကျားဖြန်အတွက် ပေးနိုင်တယ်။ အရင်က ရုံတစ်ရုံကို ၂၅ ၃၀ လောက်ပဲရတာ။ ခုဆို သိန်းကို ရာနဲ့ချီရကြတာ”
မူဆယ်မြို့မှာ လုယက်မှု ဓါးပြတိုက်မှုနဲ့ လူပြန်ပေးဆွဲမှု နေ့တိုင်းလိုလို ဖြစ်ပွါးနေတာကို ရဲတွေက တစ်မှုမှ ဖော်ထုတ်နိုင်ခြင်းမရှိဘဲ ရဲအရာရှိအားလုံး လောင်းကစား၊ ပြည့်တန်ဆာနဲ့ ကျားဖြန်ရုံတွေက လိုင်းကြေးကိုသာ အလေးထားပြီး အလုပ်လုပ်နေကြပြီး သာမန်ပြသနာတစ်စုံတစ်ခုဖြစ်လို့ အမှုသွားဖွင့်ရင် အမှုကိုမဖွင့်ပေးတော့ဘူးလို့ ဆိုပါတယ်။
လစဥ်လိုင်းကြေး သိန်းတစ်သောင်းနီးရနေတဲ့ စခန်းမှူး၊ နယ်ထိန်း၊ ပြည်နယ်ဒန၊ ခရိုင်ဒနနဲ့ မြို့နယ်မှူးတို့ စုပေါင်းထည့်ဝင်ထားတဲ့ သိန်း ၄၀၀ ကို ပြည်နယ်ရဲတပ်ဖွဲ့မှူးနဲ့ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးတို့ကို လစဥ် သိန်း ၂၀၀ စီ ပေးထားတဲ့အတွက် အရေးမယူခြင်းနဲ့ လူအပြောင်းအရွေ့ မလုပ်တာလို့ မူဆယ်ရဲတပ်ဖွဲ့ရဲ့ ဂါတ်စာရေးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။