လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၂၇ ရက်၊ နောင်ချို
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် တဲတိုက်စုရွာအနီးက ကြံခင်းမှာ ကြံခုတ်နေတဲ့ အုမ္မခရွာခံ အမျိုးသမီးတစ်ဦး ဗုံးစ ထိမှန်ပြီး ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ၄၆ နှစ်အရွယ် နန်းထွေးခမ်းဟာ ကြံခင်းမှာ ကြံခုတ်နေစဥ် စစ်တပ်က လာရောက် ဗုံးကြဲခဲ့တာကြောင့် နန်းထွေးခမ်းရဲ့ ဝမ်းဗိုက်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ ၎င်းရဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“ကျမတို့ ကြံခုတ်နေရင်းနဲ့ဆိုတော့ ဘာနဲ့လာချလို့ ချသွားမှန်းလဲ မသိလိုက်ဘူး။ အသံကြားမှပဲ ထွက်ပြေးကြတာ။ ထွက်ပြေးတော့ သူ(နန်းထွေးခမ်း)က ကျမကို လှမ်းခေါ်တာ။ အစ်မ ထိသွားတယ်။ အစ်မဗိုက် ထိသွားတယ်တဲ့ အော်ခေါ်နေတာ”
လက်ရှိမှာတော့ ဒဏ်ရာရတဲ့ နန်းထွေးခမ်းဟာ လားရှိုး ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေပြီး ဒဏ်ရာ ပြင်းထန်တာကြောင့် ဆေးကုသဖို့ ငွေကြေးအကူအညီ လိုအပ်နေတယ်လို့ အထက်ပါ ၎င်းရဲ့ မိသားစုဝင်က ဆက်ပြောပါတယ်။
“အခုကတော့ ခွဲစိတ်ထားတာ။ တော်တော်လေးတော့ သက်သာပါပြီ။ ဒီနေ့အထိတော့ ၅၂ သိန်းလောက် ကုန်နေပြီ။ ကုသစရိတ်တစ်မျိုးတည်းတော့ မဟုတ်ဘူးပေါ့နော်။ စားစရိတ်တွေကော လူနာစောင့် စားစရိတ်တွေကော ပါတယ်။ ကားခတောင် မရှင်းရသေးဘူး။ ကားခက ၁၀ သိန်းလောက် ကုန်မယ်။ ၂ သိန်းလောက်ပဲ တွက်ထားသေးတာ။ အခုလောလောဆယ်တော့ ကိုယ်က အဆင်မပြေတော့ သူများဆီကပဲ ချေးပြီး သုံးထားရတာပေါ့။ ဖြစ်သွားတော့ ကိုယ်လည်း ဘာမှမတတ်နိုင်ဘူးလေ။ ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေရှိရင် ဝိုင်းဝန်းကူညီပေးကြပါအုံး”
အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက် မနက်မှာလည်း စစ်တပ်က အုမ္မတီးရွာထဲ ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ဖေဖော်ဝါရီ ၂၂ ရက်အထိ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇ ဦးနဲ့ ဒဏ်ရာရသူ ၁၈ ဦးအထိ ရှိခဲ့ပါတယ်။