ပျားကြီး၊ ဖေဖော်ဝါရီ ၂၇ ရက်၊ မုံရွာ
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ခတက္ကန်ကျေးရွာအရှေ့ဖက် ဗောဓိတစ်ထောင် သာသနာ့နယ်မြေအတွင်း MRTV တာဝါတိုင်ကုန်းမှာ ခြေကုပ်ယူ တပ်စွဲထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲကင်းစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက်အစောပိုင်းက အင်အား ၁၇ ဦးရှိတဲ့ အဲဒီရဲကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
“တိုက်တာက ခက်ခက်ခဲခဲ သိပ်မရှိလိုက်ဘူး။ သိမ်းပြီးတော့မှ န.မ.ခကနေ Paramoter ၂ စီးနဲ့ ဗုံး လာကြဲတာ။ ပြီးတော့လက်နက်ကြီးတွေနဲ့ တောက်လျှောက် ထုလို့ နည်းနည်းစောင့်ပြီးမှ ပြန်ဆုတ်လာခဲ့တာ” လို့ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေရဲ့ စခန်းသိမ်း တိုက်ပွဲအတွင်း ရဲကင်းမှူး ရဲအုပ် ကျော်ဝေအောင်အပါအဝင် ရဲ ၁၁ ယောက် သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၆ ဦးအထိ ရှိတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်က ရွှေဖီမြေကို အတည်ပြု ပြောဆိုပါတယ်။
ရဲကင်းစခန်း သိမ်းယူမှုမှာ မုံရွာခရိုင် ကွပ်ကဲရေးမှူးရဲ့ ကွပ်ကဲမှုနဲ့ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇၊ ချောင်းဦးမြို့နယ်အခြေပြု စုဖွဲ့မှုစစ်ကြောင်း၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ ဒရုန်းတပ်ဖွဲ့ GTR၊ မုံရွာခရိုင် ပ.က.ဖ တိုက်ခိုက်ရေးအဖွဲ့ Danger Force LPDF၊ မုံရွာခရိုင် ပ.က.ဖ ဒရုန်းတပ်ဖွဲ့၊ မုံရွာမြို့နယ် ပ.က.ဖ၊ အရာတော်မြို့နယ် တိုက်နယ် ၁၁ ဒရုန်းအဖွဲ့၊ BLDF စတဲ့ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
မနေ့က ဗောဓိတစ်ထောင် MRTV တာဝါတိုင်ကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ မုံရွာမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ၄ နာရီနီးပါးကြာ ပစ်ခတ်ခဲ့ပြီး တံတားဦး လေဆိပ်ကနေလည်း ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။