အင်းငယ်၊ ဖေဖော်ဝါရီ ၂၄ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး ဒီနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ ကုန်သည်ကြီးတွေရဲ့ ကုန်ပစ္စည်း သိမ်းဆည်းခံထားရတယ်လို့ Non-CDM သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
“ဘာတစ်ခုမှ ပြန်မရဘူးလို့ ကြားပါတယ်။ ပစ္စည်းတွေက မှောင်ခိုတစ်ခုမှ မပါဘူး။ အကုန် အခွန်ဆောင်ပြီးသားတွေ။ ပိုက်ဆံညှိလို့လည်း မရဘူး။ ပြည်သူကို သက်သက် ငတ်သေအောင် လုပ်နေတာ”
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မန္တလေးတိုင်းရှိ ဆိုင်ကယ်လက္ကား အပိုပစ္စည်းဆိုင်ကနေ တောင်ကြီးမြို့ရှိ တဆင့်ပြန်ဖြန့်ဖြူးတဲ့ ဆိုင်တစ်ဆိုင်ကို ပို့ဆောင်ရာ စစ်တပ်ရဲ့ စစ်ဆေးမှုကြောင့် သိန်း ၇၀၀ ဖိုးရှိတဲ့ ပစ္စည်းတွေ သိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။
အလားတူ မန္တလေးတိုင်းရှိ လျှပ်စစ်ပစ္စည်း လက္ကားဆိုင်ကနေ သိန်း ၃၀၀ ဖိုး မှာယူထားတဲ့ ကုန်သည်ကြီးတစ်ဦးဟာလည်း ပို့ဆောင်ခါနီး ကျွဲဆည်ကန်ဂိတ်မှာ စစ်တပ်က လာရောက် သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။
နီးစပ်သူတစ်ဦးက “ဆိုင်ကယ်ဆိုင်ရော၊ လျှပ်စစ်ဆိုင်ရော ဘာမှပြန်မရဘူး။ လျှပ်စစ်ဆိုင်ကတော့ မြို့မဈေးနားက ဆိုင်ပါ။ အရင်က သူသိမ်းတယ်ဆိုတာ ပိုက်ဆံလိုချင်လို့။ အခုက သိမ်းချင်လို့ သိမ်းတယ်ဆိုတာမျိုး ဖြစ်နေတယ်။ အကုန်လုံး တရားဝင် လမ်းကြောင်းက လာတာလေ။ ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီလကလည်း တောင်ကြီးမြို့မှာ တဆင့်ပြန်ရောင်းချမယ့် ဖုန်း၊ ဖုန်းအပိုပစ္စည်း၊ လျှပ်စစ် မြေဩဇာ၊ အလှကုန် စတဲ့ပစ္စည်းတွေ ရပ်စောက်မြို့နယ် ကျွဲတပ်ဆုံဂိတ်မှာ ဖမ်းဆီးခံလိုက်ရပြီး သိန်းပေါင်း ၅၀၀ ခန့် တန်ဖိုးရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
၂၀၂၅ ခုနှစ်အတွင်း တရားမဝင် ကျားဖြန်ဂိုဏ်းတွေ နှိမ်နင်းဖို့ တရုတ်အစိုးရက ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံကို ဖိအားပေးပြီးနောက်ပိုင်း စစ်ကောင်စီက သွင်းကုန်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးပြီး ဖမ်းဆီးနေတာကြောင့် ကုန်ဈေးနှုန်း ထပ်တက်လာမှာကို တောင်ကြီးမြို့ခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။