အင်းငယ်၊ ဖေဖော်ဝါရီ ၁၃ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကို အပြောင်းအလဲ လုပ်ဖို့အတွက် စီစဉ်နေတယ်လို့ Non-CDM သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
လက်ရှိ ခေါ်ယူနေတဲ့ စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးဘက်က လာဘ်ပေးလာဘ်ယူ လုပ်တာ၊ လက်နက်မှောင်ခိုရောင်းဝယ်တာတွေ လုပ်ဆောင်နေတာကြောင့် လူသစ် အစားထိုး ခန့်အပ်သွားဖို့ ရှိနေတာလို့ ဆိုပါတယ်။
“အုပ်ကြီးသစ်လည်း ခန့်ချင်တယ်။ အခု ထပ်ခန့်မယ့်လူတွေကလည်း အရင်လူတွေထက် ပိုဆိုးနေမှာကြောက်လို့ ပြောနေကြတယ်။ သိတဲ့အတိုင်း ဒီကာလက ဘယ်သူလုပ်ချင်မလဲ”
တောင်ကြီးမြို့မှာ ဇန်နဝါရီလပိုင်းက ဈေးပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးအပါအဝင် နယ်မြေမှူး အများစုက စစ်မှုထမ်းစာရင်း ပါဝင်တဲ့ အိမ် ၃ သိန်း၊ မပါဝင်တဲ့အိမ် ၁ သိန်း ကောက်ခံခဲ့သလို ကျန်တဲ့ ရပ်ကွက်မှာလည်း အနည်းဆုံး ၆ သောင်းကစပြီး ကောက်ခံခဲ့ဖူးပါတယ်။
ဒါ့အပြင် ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးခေါင်းဆောင်တာဝန် ပူးတွဲ ယူထားတဲ့ ဦးသန်းရွှေကလည်း လက်နက်မှောင်ခို ရောင်းချတာတွေ ပြုလုပ်နေပြီး အဲဒီကိစ္စကို စစ်မှုထမ်းခေါ်ယူရေး ဗဟိုက လိုက်လံ စစ်ဆေးနေတယ်လို့ သိရပါတယ်။
“အထက်က ပြောပြီးသားလေ။ ပိုက်ဆံမကောက်ရဘူး လူစား မထိုးရဘူး။ တိုင်လို့ ရတယ်ဆိုတော့ တိုင်ကြတာ ဖြစ်မှာပေါ့။ အခုက မြို့နယ်အဆင့်တောင် လာဘ်စားနေတယ်ဆိုတော့ ဒီဟာကြီးက အရေးယူရင်တောင် စံပြလောက်ပဲ ဖြစ်မှာပါ။ သူတို့ချင်း ဈေးတည့်သွားရင်လည်း ဒီအတိုင်း ပြီးသွားမှာပေါ့” လို့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက သုံးသပ်ပါတယ်။
အလားတူ တောင်ကြီးမြို့နယ် အေးသာယာမြို့မှာလည်း ရပ်ကွက် ၁၀ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအရွယ် တစ်အိမ်မှာ တစ်ဦးရှိရင် ၈ သောင်း၊ ၂ ဦးရှိရင် ၁ သိန်း ၆ သောင်း ကောက်ခံနေပြီး စစ်မှုထမ်း အကြုံးဝင်သူ မိသားစုဝင်က တိုင်ကြားထားတာကြောင့် အပြောင်းအလဲလုပ်ဖို့ ရှိလာတာလို့ ဆိုပါတယ်။
လက်ရှိ အုပ်ချုပ်ရေးမှူးတွေ ပြောင်းလဲမယ့်ကိစ္စဟာ လာမယ့် မတ်လအတွင်း လုပ်ဆောင်သွားဖို့ရှိပြီး စစ်ကောင်စီဘက်က သူတို့အမိန့်ကို အပြည့်အဝ နာခံနိုင်မယ့် ဒေသတွင်း ပျူစောထီးနဲ့သာ အစားထိုးခန့်အပ်သွားဖို့ ရှိတယ်လို့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်မှုထမ်း ခေါ်ယူမှုနဲ့ ပတ်သက်ပြီး အဆင့်ဆင့် လာဘ်ပေးလာဘ်ယူကိစ္စ ကြုံတွေ့လာခဲ့ရင် အချိန်မရွေး တိုင်ကြားနိုင်တယ်လို့ ပြောဆိုထားပေမဲ့ တစ်ကယ့် မြေပြင်မှာတော့ ထိရောက်မှု မရှိဘူးလို့ တပ်မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောဆိုပါတယ်။
တောင်ကြီးမြို့မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြီးတဲ့အချိန်ကစပြီး ရှမ်းမြောက်မှ ပြည်သူ့စစ်တွေ ရောက်ရှိနေသလို အရင်က ရှိနေတဲ့ ပအိုဝ်းပြည်သူ့စစ်- PNA၊ ထပ်မံ ဖွဲ့စည်းထားတဲ့ ပျူစောထီးနဲ့ အခြေအနေ ရှုပ်ထွေးနေပြီး ပေါ်ပေါ်ထင်ထင် လက်နက်ကိုင် ရမ်းကားနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။