လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၈ ရက်၊ နမ့်ဆန်
တအာင်းတပ်- TNLA ထိန်းချုပ်ဒေသတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၃ ဦးနဲ့ သုံးစွဲသူ ၁၂၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
ကျောက်မဲခရိုင်မှာ မူးယစ်ဆေးဝါး သုံးစွဲသူ ၃၈ ဦး၊ မိုးကုတ်ခရိုင်မှာ ၁၁ ဦး၊ ကွတ်ခိုင်ခရိုင်မှာ ၁၅ ဦး၊ နမ့်ဆန်ခရိုင်မှာ ၈ ဦး၊ နမ့်ခမ်းခရိုင်မှာ ၅၄ ဦး စုစုပေါင်း သုံးစွဲသူ ၁၂၆ ဦးကို TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှုအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကွတ်ခိုင်ဒေသခံ လူငယ်အမျိုးသားတစ်ဦးက “အခုချိန် ပေါမှပေါ။ ပိုက်ဆံရှိဖို့ဘဲ လိုတယ်။ အဓိက ရွာမှာ ပိုများတယ်။ မီးသွေး ဖုတ်နေတဲ့သူတွေ။ မြို့ထဲမှာ ရှိတော့ရှိတယ် တိုးတိုးတိတ်တိတ်နဲ့။ အရင်ကတော့ လိုက်ဖမ်းကြတယ်။ အခုတော့ ဖမ်းတာ မတွေ့တော့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၃ ဦးထဲ နမ့်ခမ်းခရိုင်က ၆ ဦး၊ ကွတ်ခိုင်ခရိုင်က ၁ ဦး၊ မိုးကုတ်ခရိုင်က ၂ ဦးနဲ့ ကျောက်မဲခရိုင်က ၄ ဦး ပါဝင်ပြီး ကျောက်မဲခရိုင်က မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကိုတော့ ယာမ(ဆေးပြား) ၁၂၇၆ ထုပ်နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိထားသူတွေကို အကျင့်စာရိတ္တပြုပြင်ရေးစခန်း ပို့ဆောင်ပေးတာရှိသလို ပြစ်မှုကြီးတဲ့သူတွေကို ထောင်အတွင်း ထိန်းသိမ်းထားတာ ရှိတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း TNLA ရဲ့ တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၂ ထောင်နီးပါး (၁,၉၂၃)ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။