လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၆ ရက်၊ နောင်ချို
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ နောင်ချိုမြို့ သပြေတောင်ဘုရားကုန်းကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့ မြေပြင်ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ချသွားတာတော့ သေချာသလောက် ဖြစ်သွားပြီ။ သပြေတောင်နားမှာ။ အဲဒီနားမှာတော့ တပ်ရင်း၊ တပ်ဖွဲ့တွေတော့ မရှိဘူးပဲ။ ဘိုးဘွားရိပ်သာနဲ့ ကုလားဘုရားကျောင်းတော့ ရှိတယ်။ ဘာကြောင့် အဲနား ချလဲတော့ မသိဘူး”
ဗုံးကြဲမှုကြောင့် လူထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရတာ ရှိမရှိကိုတော့ ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်ကလည်း နောင်ချိုမြို့ ရဲစခန်းနဲ့ပါရမီ လက်ဖက်ရည်ဆိုင်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၈ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။
TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း အရပ်သား ၁၃ ဦး သေဆုံးခဲ့ပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ TNLA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။