မိုင်းရူပ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗန်းမော်
တိုက်ပွဲ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမြှောက်တပ် ၃၆၆ ကို ကချင်တပ်မတော်- KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲလည်း ဆက်လက် ပြင်းထန်နေတယ်လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။
အမြှောက်တပ်စခန်း ၃၆၆ ကို ဖေဖော်ဝါရီ ၂ ရက်မှာ KIA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာတော့ စစ်ကောင်စီရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုစစ်ဌာနချုပ် ၂၁ မှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
“၂ ရက်နေ့မှာ အမတ ၃၆၆ တပ်ရင်းကို သိမ်းတယ်။ တိုက်ပွဲကတော့ ဆက်ပြီးတော့မှ ပြင်းပြင်းထန်ထန် ရှိပါတယ်။ တိုက်ပွဲပြင်းထန်တဲ့ နေရာကတော့ စကခ ၂၁၊ ခလရ ၂၃၆ တို့ ဖြစ်ပါတယ်”
လက်ရှိမှာ ဗန်းမော်မြို့ရဲ့ ရပ်ကွက်တချို့ကို KIA က ထိန်းချုပ်နိုင်ပေမဲ့ မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ဖို့တော့ စစ်ကောင်စီရဲ့ စကခ ၂၁ နဲ့ ခြေလျင်တပ်ရင်း (ခလရ ၂၃၆)အပါအဝင် တပ်စခန်းတချို့ ကျန်ရှိနေသေးတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။
ဗန်းမော်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်လာနေတာလည်း ၂ လဝန်းကျင် ရှိနေပြီ ဖြစ်ပါတယ်။
စစ်တပ်ဘက်ကတော့ ဗန်းမော် တိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
KIA ဟာ ကချင်ပြည်နယ်အတွင်းရှိ အထူးဒေသ(၁)အပါအဝင် မြို့ ၁ဝ မြို့ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။