ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဖေဖော်ဝါရီ ၄ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာအပြင် နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်ကြားရှိ ဂန့်ကော်ရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ နေ့စဥ်လိုလို တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

တောင်းခမ်းရှိ စစ်တပ်စခန်းကနေ TNLA ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လက်နက်ကြီးနဲ့ ဒရုန်းသုံး တိုက်ခိုက်တာတွေကို စစ်တပ်က ပိုသုံးလာတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စစ်ကောင်စီက ဆက်တိုက် ထိုးနေတာ။ TNLA က ထိန်းချုပ်ထားတဲ့နေရာတွေ ပြန်ဆုတ်ပေးရတာ ရှိတယ်။ တိုက်ပွဲကတော့ နေ့တိုင်း ပြင်းထန်တယ်။ စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းကို ဦးစားပေး သုံးလာတာ တွေ့ရတယ်”

တောင်းခမ်းရွာမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ အပါအဝင် အမြှောက်တပ်တပ်စခန်းတွေ ဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားပြီး တောင်းခမ်းမှာ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်နေတာ ၅ လနီးပါးကြာ ရှိနေပြီ ဖြစ်ပါတယ်။

တောင်းခမ်းတိုက်ပွဲ စတင်ဖြစ်ပွားချိန် စစ်ကောင်စီရဲ့ အမြှောက်တပ် ၂၀၆ ကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ လက်ရှိမှာတော့ တောင်းခမ်းရွာရှိ အမြှောက်တပ်စခန်းအားလုံးကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပါတယ်။

တောင်းခမ်းနဲ့ မိုင် ၂၀ ခန့် ကွာဝေးတဲ့ နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကတည်းက TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ တောင်းခမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။