ရွှေဖီမြေ၊ ဩဂုတ် ၃၁ ရက်၊ နမ့်ခမ်း
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့မှာ တောင်ကျရေကြောင့် ရေကြီးမှုဖြစ်ပြီး ရေကျပြီးတဲ့နောက် ရွှံ့တွေ ကျန်တာကြောင့် သွားလာရေး အခက်အခဲ ဖြစ်နေတယ်လို့ မြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဩဂုတ် ၃၀ ရက်မှာ နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်နေနဲ့ ဖောင်ရပ်ကွက် (ဖောင်ချောင်း)မှာ တောင်ကျရေကနေတဆင့် ရေကြီးရေလျှံ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“မနေ့ မိုးရွာတာ မိုး မကြီးဘူး။ ရေကြီးတာက ရုတ်တရက်ဖြစ်တာ။ ဒီတစ်ခေါက် ရေကြီးတာ အိမ်ထဲအထိတောင် ရေဝင်တာ။ နမ့်ခမ်း ဖောင်ချောင်းဘက်လည်း ရေတအားကြီးတာ။ ရေဝင်တဲ့ အိမ်တွေဆို အိပ်စရာ မရှိဘူး။ ရေအတက် မြန်လွန်းလို့လေ။ တချို့အိမ်ဆို ရေက ထက်ဝက်ရေကြီးတော့ စက်ပစ္စည်းတွေပျက်တာ အဝတ်အစားတွေအစ ဝတ်မရတော့တာမျိုးပေါ့”
မိုးများပြီး ရေကြီးရေလျှံတာ၊ တောင်ပြို မြေပြိုတာနဲ့ တောင်ကျရေ ရုတ်တရက် ကျတာကြောင့် ဖြစ်ပါတယ်။
“ရေပြန်ကျတော့ ရွှံ့တွေ ကျန်သေးတာပေါ့လေ။ မနေ့ညနေလောက်တော့ ရပ်ကွက်ကလူတွေပဲ ဝိုင်းပြီး ရှင်းကြတာပေါ့လေ။ တချို့နေရာမှာကျ ဒီမနက်ထိ သွားလို့မရသေးဘူး”

ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှု သိန်းချီ ရှိတယ်လို့လည်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံ ဖြစ်ပေါ်တတ်တဲ့ နမ့်ခမ်းမြို့ပေါ်ထဲက ရပ်ကွက်တချို့မှာ နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ အခုလို မိုးတွင်းကာလမှာ သတိထားနေထိုင်ကြဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။