မြတ်နိုး၊ ဩဂုတ် ၂၅ ရက်၊ မန္တလေး
မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူ၊ ဗန်းမော်ဘက် စစ်ကူအင်အားဖြည့်ဖို့ ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၁၅ စီးပါ အုပ်စုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က မြစ်ကြောင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ကင်းထောက်တွေ လုံခြုံရေး ယူပေးနေတဲ့ကြားက စစ်သင်္ဘောအုပ်စုကို နည်းပေါင်းစုံနဲ့ ကြားဖြတ်တိုက်တာ။ ရေအောက် ရောက်သွားတဲ့ အရေအတွက်လည်း မနည်းလောက်ဘူး” လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အောက်ပိုင်းက ရွှေကူ၊ ဗန်းမော်ဘက် တက်လာတဲ့ စစ်သင်္ဘော ၁၀ စီးကျော်ဟာ ဩဂုတ် ၂၄ ရက် ညပိုင်းမှာ ထီးချိုင့်ကို ရောက်လာချိန် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရတာရှိသလို မနေ့ ဩဂုတ် ၂၄ ရက်မှာပဲ သပိတ်ကျင်းအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သင်္ဘောတချို့ မီးလောင်ပျက်စီးတာ ရှိတယ်လို့ သူက ပြောပါတယ်။
မြစ်ကြောင်းတစ်လျှောက် စစ်တပ်ဘက်က ကင်းထောက်လေယာဉ်တစ်စီးနဲ့ လုံခြုံရေး ယူပေးနေတာရှိပြီး ရွှေကူမြို့ အထက်အောက် မြစ်ကမ်းဝဲယာရှိ ရွာတွေကိုလည်း ဒီရက်ပိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ် လုပ်နေတယ်လို့လည်း ဆိုပါတယ်။
“ကုန်းကြောင်းရော ရေကြောင်းရော စစ်ကြောင်း ထိုးဖောက်ပြီး စစ်ကူအင်အားဖြည့်ဖို့ တက်လာတာ။ စစ်သင်္ဘောအုပ်စုကို တာဝန်ယူထားတဲ့ ရွှေကူက စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ဒရုန်းတွေနဲ့ အမဲလိုက်သလို လိုက်လံ တိုက်ခိုက်နေတယ်။ ဒုတိယမြစ်ကျဉ်းနားမှာတော့ မြစ်ထဲ မကျသွားတဲ့ စစ်ကောင်စီသုံ့ပန်းတချို့ ဖမ်းဆီးထားနိုင်ခဲ့တယ်” လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မနေ့ ဩဂုတ် ၂၄ ရက်က မြတောင်မရောက်ခင်မှာလည်း ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အဲဒီစစ်သင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်က မန္တလေးကနေ ဒုတိယအသုတ် ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုတွေဖြစ်ပြီး စစ်ကိုင်းတိုင်းထဲ ဖြတ်သန်းလာချိန်မှာ စစ်တပ်က မြစ်ကမ်းဘေးတစ်လျှောက်ရှိ ရွာတွေဘက် လက်နက်ကြီး၊ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သလို ဒေသခံတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
မန္တလေးကနေ ဗန်းမော်ဘက် ရေကြောင်းနဲ့ စစ်ကူ ရိက္ခာ ပို့မှုဟာ အခုမှ စတင်တာ မဟုတ်ဘဲ ၂၀၂၅ ခုနှစ်ကတည်းကလည်း အလားတူ ရေယာဉ်အုပ်စုတွေ ဆန်တက်ခဲ့ပြီး ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။