ရွှေဖီမြေ၊ ဩဂုတ် ၂၂ ရက်၊ မိုင်းငေါ့
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ ဟဲခမ်းကျေးရွာအုပ်စု ခွေးကုန်းကျေးရွာ အောက်ပိုင်းရှိ ရွှေတူးဖော်နေတဲ့ ချောင်းမှာမြေပြိုမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“မနေ့က ဟဲခမ်းဘက်မှာ ရွှေကျင်ရင်း မြေပြိုလို့ ဆုံးသွားတာ တစ်ယောက်ရှိတယ်” ဆိုပြီး သိရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသွားကတော့ နမ့်ဆန်မြို့နယ် မြို့သစ်ရွာခံ မိုင်းသက်ပိုင်စိုး ဖြစ်တယ်လို့ တရားစီရင်ရေးဌာနမှ အမည်မဖော်လိုသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မြေပြိုတုန်းက ၂ ယောက်ထိတာ။ တစ်ယောက်က ဒဏ်ရာပဲရတာ။ တစ်ယောက်ကတော့ ဆုံးသွားတယ်”ဆိုပြီး ၎င်းက ဆိုပါတယ်။
သေဆုံးသွားသူ မိုင်းသက်ပိုင်စိုးဟာ အသက် ၃၁ နှစ်အရွယ် ရှိသူဖြစ်ပြီး ဒဏ်ရာရရှိသူကတော့ ကိုကျော်ငြိမ်းဆိုသူဖြစ်တယ်လို့ သိရပါတယ်။
တအာင်းဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် မြေပြိုမှုတွေ မကြာခဏဖြစ်ပွားရာ မြေပြိုမှုကြောင့် သေဆုံးမှု ဖြစ်ပွားတာလည်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။