အင်းငယ်၊ ဖေဖော်ဝါရီ ၁ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့မှာ ပြန်ပေးဆွဲပြီး ငွေညစ်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို နစ်နာသူ မိသားစုဝင်က ရဲထံ တိုင်ကြားခဲ့ပေမဲ့ အရေးယူမှု မရှိခဲ့ဘူးလို့ နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။
အသက် ၂၇ နှစ်အရွယ် စစ်ဘေးရှောင်တစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ပြန်ပေးဆွဲပြီး သိန်း ၂၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
နီးစပ်သူ အမျိုးသားတစ်ဦးက “သူ့အိမ်က ရဲနဲ့ပဲ သိတော့ ရဲကို ခေါ်သွားတာ။ ဟိုရောက်တော့ သူတို့ချင်း သူငယ်ချင်း ဖြစ်နေလို့ အမှုဖွင့်ပေးလို့ မရဘူးပြောတယ်။ ဖမ်းတဲ့လူက လွတ်သွားတယ်” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဇန်နဝါရီ ၂၇ ရက် မနက် ၈ နာရီခန့်က တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း မီးသွေးတန်းအနီးမှာ ဖြစ်ပွားခဲ့ပြီး ကျူးလွန်တဲ့ ပြည်သူ့စစ်အဖွဲ့ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
တောင်ကြီးမြို့မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ပြီးဆုံးကတည်းက ရှမ်းမြောက်အခြေစိုက် ပြည်သူ့စစ်တွေ ရွှေ့ပြောင်းလာပြီး အရင် ရှိပြီးသား ပအိုဝ်းပြည်သူ့စစ်- PNA နဲ့ ဒေသတွင်း ပျူစောထီးတို့လည်း ခြေရှုပ်နေကြတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်းကလည်း တောင်ကြီးမြို့ မင်းကျောင်းအနီး ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်မှာလည်း လူငယ် ၂ ဦး မောင်းနှင်လာတဲ့ကားကို ပြည်သူ့စစ်တစ်ဦးက ကျော်တက်ပြီး ကားတံခါး ရိုက်ခွဲကာ သေနတ်ဖောက် ခြိမ်းခြောက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
စစ်တပ်ဟာ ဆီဆိုင်ဘက်တစ်ကြောကနေ ပင်လောင်း၊ လွိုင်ကော်ဘက် ထိန်းချုပ်ဖို့ တောင်ကြီးမြို့ကို ပြည်သူ့စစ်အဖွဲ့ပေါင်းစုံ ခေါ်သွင်းထားပြီး အဲဒီပြည်သူ့စစ်တွေကပဲ ငွေညှစ်တာ၊ ပေါ်တာဆွဲတာ၊ မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။