ပပ၊ ဩဂုတ် ၅ ရက်၊ နမ့်စန်
ရှမ်းတောင် နမ့်စန်မြို့နယ်ထဲက အခွန် ပုံမှန်မဆောင်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း နမ့်စန်မြို့ခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဩဂုတ် ၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ နမ့်စန်မြို့နယ် နားရိုင်းရွာသစ်အနီးက ကျားဖျန့်ဂိုဏ်းတစ်ခုကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပေမဲ့ သူဌေးဖြစ်သူက လွတ်မြောက်နေပြီး အလုပ်သမားတွေသာ ဖမ်းဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။
၎င်းအလုပ်သမားထဲမှာ တရုတ်လူမျိုးအပါအဝင် ၄၉ ဦးနဲ့အတူ လုပ်ငန်းအတွင်း အသုံးပြုတဲ့ ကွန်ပျူတာ၊ ဖုန်းနဲ့ စတားလင့်စက်တွေအပြင် သေနတ်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒေသခံအမျိုးသမီးက “မြို့ခံတွေတော်တော်များများက သိကြပါတယ်။ ဒီမြို့မှာ ကျားဖျန်တွေ အခြေစိုက်ကြတယ်ဆိုတာနဲ့ စကစကို အခွန်ဆောင်နေကြတာကိုပေါ့။ အခုလို ဝင်ဖမ်းတာကလည်း တောင်းတဲ့အခွန်နဲ့ ပေးတဲ့အခွန် မတည့်လို့တော့ သိထားတယ်။ အဲကဘောစိကတော့ အဖမ်းမခံရပါဘူး” လို့ ပြောပါတယ်။
၎င်းကျားဖျန့်ရုံကိုလည်း စစ်ကောင်စီ လက်အောက်ခံ နားရိုင်းပြည်သူ့စစ်ကသာ လုံခြုံရေး လုပ်ပေးနေကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။
ကျားဖျန့်ဂိုဏ်းဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၅ နှစ်စပိုင်းကတည်းက ပြောင်းရွှေ့ဝင်ရောက်လာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
နမ့်စန်မြို့နယ်ထဲ ကျားဖျန့်ဂိုဏ်းတွေ ဆက်ရှိနေသေးကြောင်းနဲ့ မြို့ခံတချို့ကလည်း ၎င်းနေရာမှာ လုပ်ခလစာ ကောင်းကောင်းနဲ့ ဝင်ရောက်လုပ်ကိုင်နေကြကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။