မြတ်နိုး၊ ဩဂုတ် ၅ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မှော်ရှန်နဲ့ မမုံကျေးရွာဘက်မှာ ချောင်းရေ လျှံတက်တာ၊ မြေစာနဲ့ နှုံးတွေ စီးမျောဝင်ရောက်တာတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး အိမ် ၁၅ လုံးခန့် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိအချိန်ထိ လူသေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရမှု သတင်းတော့ မကြားရသေးပေမဲ့ နေအိမ် ပျက်စီးသွားတဲ့ မိသားစုတွေက နေစရာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
“လူထိခိုက်တာတော့ မကြားမိဘူး။ ဒါပေမဲ့ မမုံဘက်မှာ အနောက်ဘက် မျောကြောင်းတွေက ရွာဘက်ကို ထိုးကျလာလို့ အိမ် ၁၅ လုံးထက်မနည်း ပျက်စီးသွားတယ်။ နေစရာ အခက်အခဲတော့ ဖြစ်နေကြတယ်”

ဖားကန့်မြို့ပေါ် မော်ဝမ်းရပ်ကွက်မှာလည်း မော်ဝမ်းချောင်းရေ လျှံတက်ပြီး ချောင်းရေတွေက လမ်းမကြီးနဲ့ အောက်လမ်းတလျှောက် ဝင်ရောက်ခဲ့သလို မမုံစံပြရွာမှာလည်း ရေစီးကြောင်း ပြောင်းလဲပြီး ရွာအတွင်း တိုက်ရိုက်ဖောက်ဝင်လာတာကြောင့် နေအိမ်တွေအထိ ရေ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆိုင်းတောင်ဒေသ မှော်ရှန်လမ်းနဲ့ မှော်ရှန်ချောင်းတလျှောက်မှာလည်း မြေစာ၊ သဲ၊ နှုံးတွေက မိုးရေနဲ့အတူ ဒလဟော စီးဆင်းလာပြီး ချောင်းဘေး မြေနိမ့်ပိုင်းက နေအိမ်တချို့ နှုံးတွေနဲ့ နစ်မြုပ်ခဲ့သလို ချောင်းရေကလည်း မှော်ရှန်လမ်းပေါ်အထိ လျှံတက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မှော်ရှန်ချောင်းဘက်မှာ မြေစာတွေ၊ သဲတွေ၊ နှုံးတွေက ရေစီးနဲ့အတူ အများကြီး မျောလာတယ်။ ချောင်းဘေးအိမ်တချို့ဆို နှုံးတွေ ပြည့်နစ်သွားတယ်။ မမုံမှော်နဲ့ မမုံရွာဘက်လည်း စွန့်ပစ်မြေစာတွေ မိုးရေနဲ့အတူ စီးဝင်လာလို့ ပျက်စီးမှုတွေ ဖြစ်နေတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

ဖားကန့်ဒေသဟာ မိုးရာသီရောက်တိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဥရုချောင်းနဲ့ ချောင်းငယ်ကနေ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်နဲ့ ကျေးရွာတွေမှာ နှစ်စဉ်လိုလို ရေဘေးဒဏ်ကို ကြုံတွေ့နေရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဖားကန့်မြို့ပေါ်က ရပ်ကွက်အများစု ရေလွှမ်းမိုးခဲ့ပြီး နေအိမ်တွေ ရွှေ့ပြောင်းခဲ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။