ပပ၊ ဩဂုတ် ၂ ရက်၊ တာချီလိတ်
ရှမ်းအရှေ့ တာချီလိတ်မြို့မှာ ရေကြီးနိုင်သေးတာကြောင့် မြို့ခံတွေ ဘေးလွတ်ရာ ခေတ္တပြောင်းရွှေ့နေထိုင်ကြဖို့ တာဝန်ရှိသူတွေက မြို့ခံတွေကို သတိပေးပြောဆိုထားကြောင်း မြို့ခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဩဂုတ် ၂ ရက် မနက် ၉ နာရီအထိ တာချီလိတ်မြို့တွင်းကို ဖြတ်သန်းတဲ့ မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်မှတ်ထက် ပိုနေသေးသလို မိုးဆက်တိုက် ရွာနိုင်သေးတာကြောင့် ချောင်းဘေးမှာ နေထိုင်တဲ့လူထုအပြင် မြေနိမ့်ပိုင်းက လူထုတွေအနေနဲ့ ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ကြဖို့ သတိပေးပြောဆိုထားကြပါတယ်။
ဒေသခံ အမျိုးသမီးတစ်ဦးက “ဒီမှာက မိုးလေး ခဏရွာတာနဲ့ ရေကကြီးပြီ။ မြို့တွင်းထဲ ချောင်းတွေ ပေါတာရယ် အမှိုက်တွေ ပိတ်တာရယ်ကြောင့် ရေတွေ လွတ်လွတ်လပ်လပ် သွားလို့မရတာ” လို့ ပြောပါတယ်။
လက်ရှိမှာ တာချီလိတ်မြို့ထဲ ရေကြီးပြီး ကျန်နေသေးတဲ့ သဲနဲ့ရွှံ့တွေကို ဒေသတွင်းရှိ ပရဟိတအသင်းနဲ့ ဒေသခံတွေကသာ ရှင်းလင်းနေကြရကြောင်း အထက်ပါ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက မိုးကြီးရာကနေ တာလော့၊ ဆန်ဆိုင်း(ခ)၊ ဝမ်ကောင်း၊ ဝိန်းကျောက်နဲ့ မယ်ခေါင်ရပ်ကွက် စတဲ့နေရာတွေမှာ ရေကြီးတာကြောင့် တချို့လမ်းပိုင်းဟာ သွားလာလို့ မရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
နေရာတချို့မှာ ဒီနေ့မနက်အထိ ရေတက်နေသေးပြီး နေရာတချို့မှာတော့ ရေအနည်းငယ် ကျသွားခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အရေးပေါ်အခြေအနေမှာ လိုအပ်တဲ့ အထောက်အပံ့နဲ့ အကူအညီကို ပေးနိုင်ဖို့ စည်ပင်နဲ့ အုပ်ချုပ်ရေးအဖွဲ့က ပြင်ဆင်လုပ်ဆောင်နေကြောင်းလည်း ဒေသတွင်း သတင်းတချို့မှာ ရေးသားထားကြပါတယ်။
အလားတူ ရှမ်းအရှေ့အပြင် ရှမ်းတောင်နဲ့ ရှမ်းမြောက်ရှိ မြို့နယ်တချို့မှာလည်း လတ်တလော ရေကြီးရေလျှံတာတွေ ကြုံနေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။