မိုင်းရူပ၊ သြဂုတ် ၂ ရက်၊ မုံရွာ
တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်း မုံရွာနဲ့ ဝက်လက်မြို့နယ်ထဲ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော်တစ်ဦး သေဆုံးပြီး အရပ်သား ၁၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
မနေ့ သြဂုတ် ၁ ရက် ညနေ ၆ နာရီဝန်းကျင်မှာ စစ်တပ်က မုံရွာမြို့နယ် သစ်ညိုပင်ရွာထဲ ဂျက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မုံရွာ ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် အရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁ လုံးနဲ့ ဘုန်းတော်ကြီးကျောင်း အဆောက်အအုံ ၁ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာလည်း ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာထဲ ဂျက်လေယာဉ်နဲ့ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ PDF ရဲဘော်တစ်ဦး ကျဆုံးကာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ရဲဘော်တစ်ယောက် သေဆုံးပြီးတော့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရတယ်။ ငါးပတ်ချောင်းရွာနားက သစ်စိမ့်ရွာမှာ စကစ အထိုင်စခန်း ရှိတယ်။ အဲဒါကြောင့် ရွာခံတွေကို သတိနဲ့ နေခိုင်းရတယ်။ နှစ်ဖက်တပ်တွေ စစ်ဆိုင်ထားတဲ့ အနေအထားပေါ့”
တော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ စစ်တပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ နေရာတွေကို မြေပြင်ကနေ ထိုးစစ်ဆင်မှု ဆက်တိုက် လုပ်ဆောင်နေသလို လေကြောင်း တိုက်ခိုက်မှုလည်း ဆက်တိုက် လုပ်ဆောင်နေတာ တွေ့ရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်မှု ရှိနေပေမဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကိုတော့ လက်နက်ချ အလင်းဝင်ဖို့သာ ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။