ရွှေဖီမြေ၊ ဩဂုတ် ၁ ရက်၊ မူဆယ်
တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ တရုတ်ဘက်က ပစ္စည်းတွေကို တနိုင်တပိုင် သယ်ယူပို့ဆောင်တာနဲ့ စားဝတ်နေရေး ဖြေရှင်းနေကြတဲ့ ဒေသခံတွေကို စစ်ကောင်စီရဲ့ အကောက်ခွန်ဌာနနဲ့ ဌာနဆိုင်ရာက နိုင်ထက်စီးနင်း ပြုလုပ်နေပြီး အခွန် မတရား ကောက်ခံတာနဲ့ ပစ္စည်းသိမ်းယူတာတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။
“သူတို့က လူတစ်ယောက် 22kg(၂၂ ကီလိုဂရမ်) သယ်ခွင့်ပြုတယ်တဲ့။ ဒါပေမဲ့ အပြည့်ပေးမသယ်ဘူး။ သယ်လာရင်လည်း အဲထဲကနေ သူတို့ တရုတ်ငွေ ယွမ် ၃၀ တောင်းယူတယ်။ ကျနော်တို့ ရတာမှ ယွမ် ၅၀။ ၃၀ ယူတော့ ၂၀ ပဲ ကျန်တော့တယ်။ စားဝတ်နေရေးက အဆင်မပြေတော့ဘူး” လို့ ပစ္စည်းသွင်းထုတ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက် တရားဝင် ခွင့်ပြုထားတဲ့ ပစ္စည်းတွေကိုသာ သယ်ယူရာမှာလည်း စစ်ကောင်စီဘက်က ပစ္စည်းသိမ်းယူတာတွေ မကြာခဏ ကြုံတွေ့နေရပြီး ကုန်သည်တွေကို ပြန်လျော်ပေးနေရလို့ အရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
မူဆယ်မှာ ပစ္စည်းအသွင်းအထုတ် လုပ်သူတွေဟာ စစ်ရှောင်နဲ့ စားဝတ်နေရေး ကြပ်တည်းနေသူ အများစု လုပ်ကိုင်နေကြတာဖြစ်ပြီး အခုလို လူထုတွေအပေါ် မတရား လုပ်စားနေတာတွေကို သက်ဆိုင်ရာဘက်က အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
မူဆယ်မှာ စစ်ကောင်စီဝန်ထမ်းငွေ လူထုအပေါ် ငွေကြေး မတရား ရယူနေတာတွေက ဆက်တိုက် ဖြစ်ပေါ်နေပြီး ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုတွေလည်း ဆက်တိုက် ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ အမြဲသတိထားကာ နေထိုင်နေကြရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။