မိုင်းရူပ၊ ဇူလိုင် ၂၉ ရက်၊ သီပေါ
ရှမ်းမြောက် လားရှိုး-မန္တလေးကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို နယ်မြေတည်ငြိမ်မှုမရှိသေးဘူးဆိုတဲ့ အကြောင်းပြချက်ပြပြီး ဖွင့်လှစ်ပေးဖို့ အစီအစဉ်မရှိသေးကြောင်း စစ်ကောင်စီရဲ့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောကြားခဲ့ပါတယ်။
သီပေါမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံက သီပေါတံတားပိတ်ထားမှုကြောင့် လူထုတွေ ရင်ဆိုင်နေရတဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အကျပ်အတည်းတွေကို တင်ပြပြီး သီပေါတံတားဖွင့်လှစ်ပေးဖို့ မနေ့ ဇူလိုင် ၂၈ ရက် လွှတ်တော်မှာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူ ပြန်လည်ဖြေကြားရာမှာ စစ်ကောင်စီတပ်က မြို့တွင်းနေရာတွေနဲ့ ကျေးရွာအုပ်စု ၉ အုပ်စုကိုသာ ထိန်းချုပ်ထားပြီး ကျန်နေရာတွေကို ကိုးကန့်တပ်-MNDAA နဲ့ တအာင်းတပ်-TNLA တို့က ထိန်းချုပ်ထားတာကြောင့် နယ်မြေတည်ငြိမ်မှသာ သီပေါတံတားကို ပြန်လည်ဖွင့်လှစ်မယ်လို့ ပြောကြားခဲ့ပါတယ်။
“TNLA၊ MNDAA၊ PDF အကြမ်းဖက်အုပ်စုတွေဟာ အလုံးစုံဆုတ်ခွာသွားခြင်းမဟုတ်ဘဲ သီပေါတံတားရဲ့ အရှေ့ဘက်ခြမ်းနဲ့ ကျန်ကျေးရွာအုပ်စုတွေမှာ အခြေချလှုပ်ရှားလျက်ရှိတယ်။ လုံခြုံရေးအခြေအနေအရ လက်ရှိမှာ သီပေါတံတားကို ယာယီပိတ်သိမ်းထားခြင်း ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်မင်းသူက ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး လားရှိုး-သီပေါကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို ပိတ်ထားတာကြောင့် စစ်ကောင်စီတပ်က ပိတ်ပင်ထားတာ ၁ နှစ်နီးပါး ကြာလာပြီ ဖြစ်ပါတယ်။
သီပေါတံတားကို ပိတ်ထားတာကြောင့် ခရီးသွားတွေက ချောင်းကနေ ဇက်ကူးပြီး ဖြတ်သန်းသွားလာနေရကာ ရေထဲမျှောပါသေဆုံးမှုကြောင့် သေဆုံးသူ ၁၉ ဦးအထိ ရှိခဲ့ပြီလို့ ဦးကောင်းသက်စံက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမပေါ်ရှိ သီပေါတံတားကို ပြန်ဖွင့်ပေးဖို့ လူထုတွေက တောင်းဆိုနေကြပြီး စစ်ကောင်စီတပ်ဘက်ကတော့ ၁ နှစ်နီးပါးကြာတဲ့အထိ လျစ်လျူရှုထားဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။