ရွှေဖီမြေ၊ ဇူလိုင် ၂၇ ရက်၊ ရွာငံ
ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စု ဆင်ပြားရွာအနီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရပ်စောက်မြို့နယ်ဘက်က စစ်ကြောင်း၊ ရွာငံမြို့နယ် ကျောက်ငှက်ရွာကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးလာရာကနေ တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် ကျောက်ငှက်နဲ့ မြောက်ကုန်းရွာခံ ၄၀ ဝန်းကျင်ကို စစ်တပ်ဘက်က ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
“ကျောက်ငှက်ကျေးရွာမှာ အထိုင်ချတဲ့အဖွဲ့က ရွာမှာရှိတဲ့ လူငယ်တွေ၊ လူလတ်ပိုင်း အကုန်ဖမ်းပါတယ်။ PDF တွေနဲ့ ပက်သက်တယ်ဆိုပြီး ထိပ်တုံးခပ် ရိုက်နှက်တယ်။ စဖမ်းတာက ၂၄ ရက်နေ့ည ၅ ယောက်။ ၂၅ ရက်နေ့ ညနေရောက်တော့ ၃၀ ကျော်။ ၂၆ ရက်နေ့ ၇ ယောက် ဖမ်းတယ်”
စစ်တပ် ဖမ်းဆီးသွားတဲ့သူတွေထဲ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပြီး အမျိုးသမီးတချို့ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“လူတအားများနေလို့ အခုချိန်ထိ စာရင်းတွေ မရသေးဘူး။ ရွာမှာနေတဲ့လူတွေလည်း အရမ်းကြောက်ပြီး ထွက်ပြေးကြတယ်။ ကျန်တဲ့လူတွေလည်း ခြံတောင် မသွားရဲကြတော့ဘူး”
ဆင်ပြားရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပက်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက တစုံတရာ ထုတ်ပြန်တာ မရှိသလို စစ်တပ်ဘက်ကလည်း မထုတ်ပြန်တာကြောင့် အခုလို ရွာခံတွေ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး လူစာရင်းအတိအကျ ထပ်မံ ရရှိဖို့ ဒေသခံတွေနဲ့ ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။