မိုင်းရူပ၊ ဇူလိုင် ၂၆ ရက်
မကွေး-နေပြည်တော်လမ်းပိုင်းရှိ စစ်တပ်ရဲ့ ရွှေဗန်းရဲစခန်းကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဇူလိုင် ၂၅ ရက်မှာ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီရဲ့ ရွှေဗန်းရဲစခန်းကို နေပြည်တော်တိုင်းစစ်ဌာန လက်အောက်ခံတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး သယ်ယူဖို့ခက်ခဲတဲ့ ဟောင်ဝစ်ဇာလက်နက်တွေကို ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ (၁၇) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း (၉၀၃) နဲ့ အမှတ် (၈၀၃) တပ်ရင်းက တပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ စစ်ကောင်စီဘက်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်တွေအားကောင်းလာပေမဲ့ တော်လှန်ရေးတပ်တွေရဲ့ ပြောက်ကျားစစ်တွေလည်း အားကောင်းလာတာတွေ့ရတယ်လို့ PDF ခေါင်းဆောင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒီနောက်ပိုင်းမှာ PDF တွေရဲ့ ပျောက်ကျားစစ် အားကောင်းလာတယ်။ စစ်ကိုင်းတိုင်းက တချို့နေရာတွေမှာ စစ်ကောင်စီဘက်က တပ်ပြန်ဆုတ်သွားတာရှိတယ်။ စစ်ရေးပြန်အားကောင်းဖို့ တော်လှန်ရေးတပ်တွေဘက်က အရေးကြီးတဲ့ လမ်းကြောင်းတွေကို ပြန်ထိန်းချုပ်နိုင်ဖို့လိုတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ မကွေး-နေပြည်တော်လမ်းပိုင်းမှာ ရဲစခန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။