ရွှေဖီမြေ၊ ဇူလိုင် ၂၅ ရက်၊ မိုင်းလား
မိုင်းလားတပ်- NDAA က အမျိုးသား ညီညွတ်ရေးအစိုးရ- NUG လက်အောက်ခံ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကို ဖမ်းဆီးပြီး စစ်ကောင်စီတပ်ထံ လွှဲအပ်လိုက်တယ်လို့ ဖြစ်စဉ်သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ဖြစ်စဉ်ဟာ မန္တလေးတိုင်း ပကဖအဖွဲ့တာဝန်ခံရဲ့ အမျိုးသမီးဟာ ကျိုင်းတုံမြို့နယ်ထဲ K-Pay သွားထုတ်နေစဉ် စစ်တပ် ဖမ်းဆီးတာကို ခံရပြီးနောက် အမျိုးသမီးရဲ့ ထွက်ဆိုချက်အရ NDAA က ပကဖတာဝန်ခံကို ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်မှာ ဖမ်းဆီးသွားပြီး စစ်ကောင်စီတပ်ထံ အပ်နှံခဲ့တာလို့ ဆိုပါတယ်။
“သူ့အမျိုးသမီးကို ဖမ်းမိတာ မကြာသေးဘူး။ မိုင်းလားတပ်က သူ့ကို လာခေါ်သွားပြီး အဆက်အသွယ် ပြတ်တောက်သွားတယ်။ နောက်ဆုံး သိရတာက သူ့ကို စကစဆီ အပ်လိုက်ပြီလို့ သိရတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသတွင်း သတင်းမီဒီယာတွေမှာလည်း မှန်ကန်ကြောင်း ရေးသားနေကြပြီး NDAA ဘက်ကတော့ တစ်စုံတစ်ရာ တုန့်ပြန်တာ မရှိသေးပါဘူး။
NDAA ဟာ စစ်ကောင်စီနဲ့ အပစ်ရပ်ထားပြီး ငြိမ်းချမ်းရေး တွေ့ဆုံပွဲဆိုပြီး စစ်ကောင်စီနဲ့ မကြာခဏ တွေ့ဆုံနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။