ဆုမွန်၊ ဇူလိုင် ၂၂ ရက်၊ မူဆယ်
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး မြေပိပြီး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက် မနက် ၉ နာရီခွဲက မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်မှာ မြေပြိုပြီး အသက် ၃၀ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “သူတို့ စားသောက်ဆိုင်ရဲ့ မီးဖိုချောင်ထဲမှာ သူဟင်းချက်ဖို့လား ဘာလားတော့ မသိဘူး။ အဲဒီလုပ်တဲ့အချိန်မှာပဲ မြေပြိုမှု ဖြစ်သွားတာ။ သူမီးဖိုချောင်ထဲမှာဆိုတော့ မလွတ်လိုက်ဘူးပေါ့။ ခုံက သူ့ခြေထောက်ကို ပိလိုက်တာ။ ကြီးကြီးမားမား ဒဏ်ရာရသွားတော့ မရှိဘူး။ ဒီဖြစ်တဲ့ ဖြစ်စဉ်ကြောင့် ကြောက်သွားတာလည်းပါမယ်။ လန့်သွားတာလည်း ပါမှာပေါ့”
ဒါ့အပြင် မူဆယ်မြို့ တောင်ရပ်ကွက်ဘက်မှာလည်း မြေပြိုမှုကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အမျိုးသမီးကိုတော့ မူဆယ်မြို့ရှိ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိပြီး မြင့်မြတ်ပါရမီလူမှု့ကူညီရေးအသင်းကားနဲ့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကလည်း တန့်ယန်းမြို့ ရပ်ကွက် ၆ ဘက်မှာ မြေပြိုမှုဖြစ်ပွားပြီး အသက် ၄၉ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။