ဝတ်ရည်၊ ဇူလိုင် ၂၂ ရက်၊ စဉ့်ကူး
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လင်းမယား ၂ ဦး ထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၂၂ ရက် ညနေပိုင်းအချိန်မှာ စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်းရှိ ကျွန်းကြီးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်တပ်က ကြက်တူရွေးရွာဘက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တကယ်ဆို အဲဒေသက ရွာခံတွေ စစ်ရှောင်ကြတာ ကြာနေပြီ။ မနေ့က သူတို့ရွာကို ပြန်လာတဲ့အချိန်နဲ့ စစ်တပ်က ဗုံးသီးကြဲတဲ့အချိန်နဲ့ တိုးသွားတာ”
စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြဲမှုကြောင့် လင်းမယား ၂ ဦးထိိမှန်ပြီး အမျိုးသားဖြစ်သူ အသက် ၅၀ အရွယ် ဦးမျိုးမင်းဦး ဒဏ်ရာရရှိခဲ့ကာ ဇနီးဖြစ်သူ ဒေါ်ဝင်းဌေးတော့ သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်မှာလည်း စစ်ကောင်စီတပ်ဟာ လက်နက်ကြီး ၇ ချက်ထက်မနည်း ပစ်ခတ်ပြီး စဉ့်ကူးမြို့နယ် ဆင်သေရွာ အနောက်ဘက်နဲ့ ရွာတော်ရွာ အရှေ့မြောက်ထဲ ကျရောက် ပေါက်ကွဲခဲ့လို့ အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကိုင်း၊ မတ္တရာ၊ ဝက်လက်နဲ့ စဉ့်ကူးမြို့နယ်အစပ်ရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက် လုပ်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်ရှိနေပါတယ်။
စစ်ကောင်စီတပ်က ဒေသခံလူထုတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ လက်နက်ကြီးနဲ့ အချိန်မရွေး ပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် သတိထားနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။