ယာရူစိင်၊ ဇူလိုင် ၁၆ ရက်၊ မူဆယ်
ရှမ်းမြောက် မူဆယ်မြို့မှာ ပျောက်ဆုံးနေတဲ့ အသက် ၂ နှစ်အရွယ် ကလေး ၁ ဦးရဲ့ အလောင်းကို ပြန်တွေ့ခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အဲကလေးငယ်ဟာ မနေ့ ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီမှာ ပျောက်ဆုံးနေတာဖြစ်ပြီး ဒီနေ့ ဇူလိုင် ၁၆ ရက်မှာ မန့်မိုင်ကုန်း ရခိုင်ဂိတ်အောက်အနီးရှိ ရေကန်တစ်ခုထဲ ရေနစ်သေဆုံးတာ တွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။
“ကလေးပြန်တွေ့ပေမဲ့ အသက်မရှိတော့ဘူး။ ကန်ထဲ ပြုတ်ကျပြီး ရေနစ်တာ။ အရင်က သူ့အဖေ ငါးမျှားရင် ခေါ်ခေါ်တော့ သူလိုက်သွားနေကျတဲ့”
ရေနစ်သေဆုံးသွားတဲ့ အသက် ၂ နှစ်အရွယ် မောင်စန်းဖြိုးမောင်ဟာ မူဆယ်မြို့ စက်မှုရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပါတယ်။
မူဆယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှာလည်း ရွှေလီမြစ်ထဲ ရေဆော့ကစားတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦး ရေနစ်ပြီး သေဆုံးခဲ့ဖူးပါတယ်။
အခုလို ဖြစ်စဉ်မျိုးတွေ ထပ်မဖြစ်ရလေအောင် မိဘတွေအနေနဲ့ မိမိကလေးကို ဂရုစိုက် ကြည့်ရှုထိန်းသိမ်းကြဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။