ရွှေဖီမြေ၊ ဇူလိုင် ၁၅ ရက်၊ လားရှိုး
ကိုးကန့်တပ် – MNDAA နဲ့ စစ်ကောင်စီတပ်တို့ လားရှိုးမြို့ ဆင်၂ကောင်ဟိုတည်မှာ တွေ့ဆုံဆွေးနွေးမှု ပြလုပ်ပြီးတဲ့နောက် ကိုးကန့်တပ်ဖက်က ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၄၁ ဦး ပြန်လွှတ်လာတယ်လို့ တပ်မိသားစုဝင်တွေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြနေကြပါတယ်။
တပ်မိသားစုဝင်တစ်ဦးက “ဇူလိုင် ၁၄ ရက်နေ့ လားရှိုးပြန်ရောက်လာတဲ့အဖွဲ့များက ၉/၁၀၀ မှာ ၁၆ ဦး၊ တိုက်စည်းမှာ ၂၅ ဦးစုစုပေါင်း ၄၁ ဦးလို့ အတည်ပြု ရရှိထားတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ကိုးကန့်တပ် ပြန်လွှတ်ပေးတဲ့လူစာရင်းတွေထဲမှာ ရဲတပ်ဖွဲ့တွေမပါဘဲ စစ်တပ်တပ်ဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့ ထပ်လောင်း ရေးသားဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ ကိုးကန့်တပ် ထိန်းချုပ်ထားဆဲဖြစ်တဲ့ သိန္နီမြို့ကို လက်လွှဲဖို့ ဆက်တိုက်ဖိအားပေးနေပြီး ကိုးကန့်တပ်ဖက်က ပြန်လင်မလွှဲပေး စစ်သုံ့ပန်းတွေကိုသာပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ကိုးကန့်တပ်ဟာ စစ်ကောင်စီ စစ်သုံ့ပန်း စုစုပေါင်း ၁ထောင်ကျော်ပြန်လည် လွှတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်မှာလည်း လားရှိုးမြို့ထဲ ရှော့တိုက်ဒုံး ၃ လုံးထက်မနည်း ကျရောက်ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် MNDAA က သိန္နီမြို့ကနေ ပြန်လည်ဆုတ်ခွာပြီး အရပ်သားအစိုးရထံ အပ်နှံသွားမယ်လို့ သတင်းတွေ ထွက်ပျံ့နှံ့လာပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။