ပို့လဘား၊ ဇူလိုင်လ ၁၄ ရက်၊ လားရှိုး
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနီး လေယာဉ်ကွင်းလမ်းဘက်မှာ အမျိုးသားတစ်ဦး ဓားပြတိုက်ခံရပြီး ငွေ ကျပ်သိန်း ၄၀ခန့် ပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ဇူလိုင်လ ၁၃ ရက် နေ့လယ် ၂ နာရီမှာ အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်ပျက်လို့ဆိုပြီး လေယာဉ်ကွင်းလမ်းဘက် ကားမောင်းလာတဲ့ အမျိုးသားတစ်ဦးကို အကူအညီတောင်းတဲ့ပုံစံနဲ့ ၎င်းကို ဓားထောက်ပြီး ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက ” အမျိုးသားနှစ်ယောက်က ဆိုင်ကယ်ပျက်တဲ့ပုံစံနဲ့ သူ့ကိုတားပြီး အကူအညီတောင်းတာ။ သူလည်း အောက်ဆင်းကြည့်လိုက်တယ်။ အောက်ဆင်းလိုက်တဲ့အချိန်မှာပဲ ဓားထောက်ပြီး ဓားပြတိုက်ခံရတယ်။ သိန်း ၄၀ တော့ပါသွားတယ်။ ပြီးတော့ ကားလုမလို့ လုပ်နေတဲ့အချိန်မှာ သူက ကားထဲမှာပါတဲ့ ပိုက်ဆံတွေပေးလိုက်တော့ သူတို့ထွက်ပြေးသွားလိုက်တာ”လို့ ပြောပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ပြီးနောက် ဓားပြတိုက်မှုတွေ အပြင် လူသတ်မှုတွေ၊ ခိုးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်ရှိအချိန်အထိ အရေးယူနိုင်တာ မရှိဘူးလို့ မြို့ခံတွေက ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာလည်း အသက် ၃၈ နှစ်အရွယ် လားရှိုးမြို့ခံ ကားပွဲစား ဦးဆန်းအောင်ဆိုသူကို အမျိုးသား ၂ ဦးက ကားဝယ်မယ်လို့ဆိုကာ လားရှိုးမြို့ ရပ်ကွက် (၅) ရှိ ရေကန်တောင်ဘက်ကို ကားအစမ်းမောင်းကြည့်ဖို့ ခေါ်သွားပြီး သတ်ဖြတ်ကာ ကားယူပြီး ထွက်ပြေးသွားခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။